အပိုင်း(၃)

......ရင်မှာရှိတဲ့ဆန္ဒတွေကို ကိုယ့်ရင်ထဲမှာ ခဏသိမ်းထားခဲ့တာ
ညီမလေးမုန်းသွားမှာစိုးလို့ပါ နားလည်ပါ......

ဟင်္သာတမြို့၏ညသည်လေအေးအေးလေးများ
ဖြင့်အေးစိမ့်စိမ့်။တက္ကသိုလ်ဘက်တွင်ညဘက်
အထိစည်ကားနေလျှက်ရှိပြီးအမျိုးသမီးအဆောင်
တစ်ခုရှေ့ဂစ်တာတီးနေကြသောတက္ကသိုလ်ကျောင်းသား
များရှိတတ်ကြသည်။

"ထွက်မလာသေးဘူးကွ....လုပ်ကြဦးနောက်တစ်ပုဒ်...."

ဘီယာတိုက်မည်ဆို၍အတန်းထဲကသူငယ်ချင်း
သီဟဆိုသောတစ်ယောက်၏
သူ့ကြိုက်နေသောကောင်မလေး
အဆောင်ရှေ့ဂစ်တာတီးခြင်းတွင်ပါဝင်နေရပါ၏။

ဂစ်တာကျွမ်းကျင်စွာတီးတတ်သူသည်ဖြိုးလေးဖြစ်ပြီး
အနည်းငယ်တီးတတ်သူသည်ဝေယံဖြစ်ကာ
လုံးဝမတီးတတ်သူသည် တစ်ခုမှမကူညီပဲ
ဘီယာပဲထိုင်သောက်နေသော အနက်ရောင်ခေါင်းစွပ်
အနွေးထည် နှင့် သူဖြစ်သည်။

"ရဲကြီး မင်း ဘာမှဝင်မပါတော့ဘူးလား
ဘီယာတွေပဲအမှောင်ထဲ ခိုးသောက်မနေနဲ့
လာ ခဲ့ လာဆိုဦး...."

"မင်းကိုကြိုက်ရင် ထွက်လာမှာပေါ့ကွာ
ခုထိ ထွက်မကြည့်တာ အဆင်မပြေဘူးနဲ့တူတယ်"

"ဟေ့ကောင်!!! ကျက်သရေမရှိ ဘာစကားပြောတာလဲ
ငါ့ကို ဒီညအဖြေပေးမှာ ..."

"အဖြေသာပေးမှာ လူရိပ်ကမမြင်ဘူး"

"ပဲများတာလေ မူတာလေ မိန်းကလေးတွေရဲ့အထာလေ
အေးပေါ့ မင်းလိုဗရမ်းဗဒါကောင်ကရည်းစားလည်း
ရှိမယ့်မပေါ် ထားတောင်ထားဖူးရဲ့လားမသိ
ပြောလည်းမထူးပါဘူး လာခဲ့ လာအော်ပေး..."

"သောက်ရမ်း ဘလိန်းတယ်နော်"

"အချိုးပြေလေ..."

ဘီယာဘူးကိုချကာအနက်ရောင်ခေါင်းစွပ်အား
စွပ်လိုက်ပြီး သူတိုက်တာသောက်ထားပြီးပြီမို့
နောက်တစ်ပုဒ်ဆိုမယ့်ထဲပါဝင်လာရတော့သည်။

....နတ်သမီးလေး မိုးမြင့်စံနန်းထက်မှာ
ရောင်စုံခြယ်ပန်းခင်းလေးထဲ မှေးစက်ပါနော်
ကြင်နာသူအိမ်မက်လှလှမက်ဖို့ရာ
ကိုယ်ဟာ သီချင်းလေးများနဲ့ချော့သိပ်မှာ
ယုံကြည်အားကိုးလိုက်ပေါ့ အချစ်ရေ အနီးဆုံးလူပါ....

ပထမတစ်ပိုဒ်အားစိတ်ပါလက်ပါဝိုင်းဝန်း
ဆိုပြီးသည့်နောက််အဆောင်ပြတင်းပေါက်လေး
ပွင့်လာခဲ့သည်။အဖြေတောင်းထားသူ
သူငယ်ချင်း၏မျက်နှာသည်အလွန်ဝင်းပသွား
ပြီးလက်လှမ်းယမ်းပြကာနှုတ်ဆက်တော့
ပြတင်းပေါက်မှအဆောင်သူလေးက
ပါးပါးလေးပြုံးပြကာ လက်ပြလာသည်။

အားလုံး အားတွေတက်သွားကာ
တက်ညီလက်ညီခံစားသီဆိုပေးကြပြီး
သီချင်းဆုံးသွားတဲ့အခါ ကောင်မလေးက
ပြတင်းပေါက်မှထွက်သွားသည်။

"ဟာ....ဘာဖြစ်သွားပြန်တာတုန်း"

"ဘယ်လိုသိမှာလဲ....."

ခဏအကြာတွင်အဆောင်ရှေ့ထွက်ပေါက်တံခါးနား
ခိုးကြောင်ခိုးဝှက်ပုံနှင့်ပြေးထွက်လာသော
ကောင်မလေးကိုတွေ့လိုက်ရတဲ့အခါသူတ်ို့အားလုံး
အံ့ဩသွားကြရသည်။

"သီဟ ဒီမှာ ရေသန့်ဘူး နဲ့အအေးတွေလာယူ
မြန်မြန်လာ အဆောင်မှူးတွေ့မှာစိုးလို့...."

ကောင်မလေးသည်အအေးဘူးလေးတွေအား
သော့ခတ်ထားပြီဖြစ်သောခြံတံခါးအတွင်းဘက်မှ
မြှောက်ပြတော့ သီဟသည်လေအလျှင်လို
ပြေးကာသွားယူတော့သည်။ထို့နောက်တိုးစိတိုးစိ
အနည်းငယ်ပြောနေကြပြီးနောက်ကောင််မလေး
ကသီဟအားမျက်စောင်းလေးအနည်းငယ်ထိုးကာ
အဆောင်ထဲပြန်ပြေးသွားတော့သည်။

"သားကြီးတို့ရေ......ညကျ၁၀နာရီလောက်
ဖုန်းခေါ်တဲ့ အချိန်အတိအကျရလာပြီကွ!!!!"

"ရှယ်ပဲဟေ့ ငါတို့ကိုအအေးတိုက်ဦး...."

ဆွဲလာသောအိတ်ကိုဝေယံကာလှမ်းယူတော့

"ခဏ ခဏ နေဦး အကုန်မယူကြနဲ့ ရေဘူးလေး
ရေဘူးလေးကိုတော့သိမ်းထားမယ်
ဘယ်တော့မှမဖွင့်သောက်ဘူး သူမရဲ့
ခက်ခက်ခဲခဲ အကြင်နာလေး...."

"သောက်ရူးရာ......"

ဝိုင်းပြောဝိုင်းဆဲကာ သီချင်းတွေဆက်ဆိုကြပြီး
အချိန်အရ အနည်းငယ်နောက်ကျနေပြီဖြစ်ပြီး
မြို့ထဲပတ်ဖို့အချိန်လည်းရှိသေးတာမလို့
ထိုနေရာကထွက်ခွါလာခဲ့ကြသည်။

2014ခုနှစ်ဝါကျင်ကျင်လမ်းမီးတိုင်တွေဟာ
အမြဲလိုလိုလင်းထိန်နေခဲ့တယ်။Clickဆိုင်ကယ်
၂စီးသီတာ(၁)လမ်းထဲမှမောင်းထွက်လာကြကာ
လမ်းမပေါ်ရောက်သည်နှင့်လီဗာကိုအသားကုန်
ဆွဲခဲ့ကြတော့သည်။

January ရဲ့စိမ့်အေးမှုတွေအောက်ခေါင်းစွပ်
ကိုယ်စီဖြင့် သီချင်းတွေဆက်လက်ဆိုနေကြကာ
နှစ်ယောက်တစ်စီးစီ စီးလျှက်မြို့ပတ်လမ်းမှ
တဆင့်ဟင်္သာတတမြို့လုံးကိုပတ်ကြတော့သည်။

သီဟသည်ဖုန်းပြောစရာရှိ၍သူ့အိမ်တွင်
ကျန်ရစ်ခဲ့တဲ့အခါ ဆိုင်ကယ်တစ်စီး၃ယောက်
စီးလျှက်ဆက်လက်လျှောက်မောင်းနေခဲ့ကြသည်။

"အဝိုင်းပတ်မှာ ထမင်းကြော်စားမယ်"

"မဟာရန်ကုန်မှာ လက်ဖက်ရည်သောက်မယ်ကွာ"

"ဦးပါရဲမှာ အကင်စားချင်တာ..."

"ဘာမှစားမနေကြတော့နဲ့ အကောင်းဆုံးပဲ...."

နောက်ဆုံးတော့ ဗိုက်ပြည့်မည့်ထမင်းကြော်
ကိုပဲရွေးလိုက်ကြကာအဝိုင်းပတ်က
တစ်ညလုံးရောင်းကြသည့်ထမင်းကြော်
ဆိုင်လေးတွင်ထိုင်လိုက်ကြသည်။

မြို့လည်ကောင်တည့်တည့်တွင်ထိုင်ကာ
သူငယ်ချင်းတွေနဲ့ညစာစားရသောခံစားမှု။
ဆိုင်ကယ်တွေတဝီဝီ။အုပ်စုလိုက်လူငယ်တွေတွေများစွာ။
ည၉နာရီကျော်၁၀နာရီအထိမအိပ်စက်သေးတဲ့
မြို့ပြ။လင်းထင်နေတဲ့လမ်းမီးတိုင်တွေ။

ပူပူနွေးနွေးထမင်းကြော်သည်စျေးအလွန်
သက်သာပြီးတက္ကသိုလ်ကျောင်းသားတွေ
အတွက်အဆင်ပြေပါ၏။လက်ဖက်ရည်လေး
ပါမှာသောက်ကာ အပူအပင်မရှိခဲ့သော
လူငယ်ဘဝတွေဟာ 2014ခုနှစ်ရဲ့
ဟင်္သာတမြို့ရင်ခွင်ထဲနွေးနွေးထွေးထွေးလေး။

"သီဟတော့ ခုလောက်ဆို မြူးနေလောက်ပြီ
မနက်ကျ တစ်ဝိုင်းထပ်ကျွေးခိုင်းရမယ်"

ဖြိုးလေးသည်စားနေရင်းမှမနက်စားဖို့ကို
ထပ်အစီအစဉ်ချတော့ ရဲကြီးသည်
ထမင်းကြော်တစ်လုပ်ကိုပြင်ဆင်နေပြီး

"သီဟကောင်မလေးက ဘယ်မေဂျာကလဲ"

"အင်္ဂလိပ်စာကလို့ပြောတယ်..."

ပြင်ဆင်ပြီးပါးစပ်ထဲထည့်တော့မည့်
ထမင်းကြော်သည်လေထဲတန့်ခနဲ။
ဖျက်ခနဲဖြိုးလေးကိုကြည့်လာသည်။မျက်လုံး
တွေသည်ခပ်တွေတွေဖြစ်နေတာမို့

"ဘာဖြစ်လို့လဲ....."

"အဲ့တာကြောင့်မလို့ လှတာ....
တက္ကသိုလ်တစ်ခုလုံးမှာChemistry ကလူတွေကလွဲရင်
အကုန်လှကြတယ်....."

"ဟေ့ကောင် ငါ့ကောင်မလေးက Chemistry ကနော်
မင်းဘာဖြစ်ချင်နေပြန်တာလဲ"

"ဖြိုးလေးရာ ဆုက သိပ်မလှပါဘူး
မင်းနဲ့တောင်မလိုက်ဘူး မင်းဘယ်လိုကြိုက်မိတာလဲ"

ဝေယံ၏အပြောကိုစိတ်ဆိုးဟန်မပြ။အမှန်တကယ်
လည်းသူ့ရည်းစားဆုဟာချောတဲ့လှတဲ့မိန်းကလေးထဲ
မပါခဲ့ပါ။ဖြိုးလေးသည်တွေးဆဆဟန်ဖြင့်

"အချစ်က လှခြင်း မလှခြင်းနဲ့တော့မဆိုင်ဘူးကွ
တကယ်ကိုမဆိုင်တာ သက်တောင့်သက်သာ
ဖြစ်ခြင်းလို့ပဲ ငါခေါင်းစဉ်တပ်ချင်တယ်
ငါ ဆုရှေ့မှာ ငိုလို့ရတယ် မူးလို့ရတယ်
ရယ်လို့ရတယ် ရှုံးလို့ရတယ်
ဆု လက်ကို ကိုင်ပြီး တက္ကသိုလ်တခွင်တွဲလျှောက်တိုင်း
ဆု ပြုံးရယ်နေတာလေးက ငါ့ကျောင်းသားဘဝရဲ့
အလှဆုံးမှတ်ဥာဏ်တွေထဲကတစ်ခုဖြစ်လိမ့်မယ်"

"အချစ်အကြောင်းမေးလိုက်တာနဲ့
ကဗျာတွေဆန်နေလိုက်တာကွာ လူစားလဲသွားသလိုပဲ
နရင်းကို အုပ်မယ်...."

ဝေယံသည် ဖျက်ခနဲလှမ်းအုပ်တော့ထဆဲသံသည်
ညံခနဲ။ သူငယ်ချင်း၂ယောက်၏ရန်ထဖြစ်မှု
ကို လက်ဖက်ရည်ခွက်ကိုမွှေကာငေးကြည့်နေသော
နောက်တစ်ယောက်သည်အထူးတလည်တိတ်ဆိတ်
သွားပါ၏။

"ပြန်ရအောင်....မနက်၈နာရီTutorial ရှိတယ်
အိပ်ရေးကပျက်ရဦးမယ်...."

စားသောက်ပြီးဆိုင်ကယ်ပေါ်ပြန်တက်ကြကာ
ကိုယ်စီကိုယ်စီအိမ်တွေကိုပြန်ဖို့ထွက်ခွါသွားကြသည်။

"ချမ်းတာကွာ....မင်းတို့ကောင်တွေမမောင်းကြနဲ့သိလား"

"ချမ်းရင် ဖက်ထားပေးမှာပေါ့...."

ရဲကြီးသည်လေအေးတွေကိုမျက်နှာနှင့်ရင်ဆိုင်
နေရသူမို့ငြီးတွားတဲ့အခါဝေယံသည်
မောင်းနေသူ၏ခါးတစ်ခုလုံးကိုသိမ်းကျုံးဖက်ထား
လိုက်သည်။

"ဟေ့ကောင်!!!လွှတ်စမ်း အရိုးထဲအထိယားတယ်
အမုန်းဆုံးပဲ လွှတ်စမ်း!!!!!!"

သူ့ကိုထိတာကိုင်တာ ဖက်တာ မကြိုက်လွန်းသော
သင်္ချာကျောင်းသားကြီးသည်ကျယ်လောင်သော
အသံဖြင့်အော်ဟစ်တော့သည်။မကြိုက်တာကိုမှ
ရွေးလုပ်ချင်ကြသောသူငယ်ချင်းတွေ၏သဘော
သဘာဝအရ ဖြိုးလေးကပါနောက်ဆုံးကနေ
လှမ်းဖက်လာတော့သည်။

"ငါ လမ်းလည်တုံး ကို ပြေးတိုက်လိုက်မှာနော်!!!!"

"တိုက်လိုက်!!!!"

ပြိုင်တူအော်ဟစ်ရယ်မောသံတွေနဲ့အတူ
ဆိုင်ကယ်၁စီး လူ၃ယောက် Memories လေးများသည်
ဘဝစာမျက်နှာတွေထက်အပျော်ဆုံးဆိုတာကတော့
ငြင်းစရာရှိမယ်မထင်ပါဘူး....။

ဟင်္သာတ၏ဆောင်းညသည်လွတ်လပ်ပျော်ရွှင်မှုများဖြင့်။

_____။

" အရမ်းမခွီကြနဲ့နော် ငါ့အခန်းဖော်ကလွယ်တာမဟုတ်ဘူး"

စာကြည့်စားပွဲတွင်ငြိမ်ငြိမ်သက်သက်
စာကျက်နေသော သူကိုလှမ်းပြကာ
အခန်းအတွင်းသို့တခြားအဆောင်သားများကို
ခေါ်လာသူသည်ခြေသံကိုပင်ဖွဖွလေးနင်းလာကြသည်။

"သူသူ အဆင်လေးဟဲ့ တကယ်နော်
နင်တော့ နေ့တိုင်းအမောပြေနေမှာပဲ..."

"တော်စမ်းပါ မနည်းနေနေရတာ
ဆင်တာက ဆင်တာပဲ ခံမပြောနားမထောင်
ဘာမှန်းကိုမသိတာ"

မြတ်သူလို ပုံစံလေးတွေပဲစုပေါင်း
ရောက်လာကြပြီး လက်ထဲတွင်မုန့်ထုတ်တွေ
အများကြီးလည်းပါလာကြသည်။

"အခရာရယ် တစ်နေ့စာတစ်နေ့ကြီး
အတိအကျကျက်နေဖို့မလိုပါဘူး
၁၀တန်းမှမဟုတ်တော့ဘဲ ပင်ပန်းပါတယ်
မင်း ညနေထဲက စာကြည့်စားပွဲထိုင်နေတာ
မညောင်းဘူးလား....."

ညနေစောင်းထဲကစာကြည့်စားပွဲကမထသေး
တာမလို့ မနေနိုင် မြတ်သူက လှမ်းပြောတော့
အေးတိအေးစက်မျက်လုံးတွေဖြင့်ဖျက်ခနဲကြည့်လာကာ

"ရတယ်....."

တိုတောင်းတဲ့တုံ့ပြန်မှုကိုပေးပြီး
စာအုပ်ဆီကိုအာရုံတွေပြန်ရောက်သွားသည်။
မြတ်သူခေါ် သူသူ သည် သူငယ်ချင်းတွေအား
လက်တို့ကာ

"တွေ့လား စ်ိတ်ရမှစကားပြောတာ
မလွယ်နေပါဘူး လူမှုဆက်ဆံရေးကောင်းချက်
အခန်းဖော် ငါနဲ့လည်းမပေါင်ဘူး အတန်းထဲဘယ်သူနဲ့မှ
လည်းမပေါင်းဘူး အဆောင်သားတွေနဲ့လည်းမသိဘူး
ဘယ်လိုများ တက္ကသိုလ်ကိုတစ်ယောက်ထဲတက်နိုင်သလဲမသိဘူး"

"ငါတို့အဖွဲ့နဲ့ကတော့ ဘယ်လိုမှမအပ်စပ်တာပါ
သူ့ဟာသူ လွှတ်ထားလိုက်..."

"မဆွဲပါဘူး ဒါပေမယ့် ကိုယ်နဲ့မေဂျာတူ
၁နှစ်ထဲ ပထမဆုံးအခန်းဖော်ဆိုတော့
သံယောဇဉ်လေးရှိမိတယ် အဲ့တာကြောင့်
ဂရုစိုက်ပေးမိတာပါ..."

"အေးပါ မိခင်ရယ် မိခင်စိတ်ကတော့အပြည့်ပါပဲ"

"မနှောက်နဲ့နော်...ငါ့ကို.."

တစ်ခန်းထဲမှာတစ်ဖက်ကအုပ်စုဖွဲ့
စကားတွေပြောနေကြပေမယ့်တစ်ဖက်က
တော့ ခက်ခဲတဲ့ Paper-1၏ Atomနဲ့Molecule
တွေအားဦးနှောက်ထဲသို့မရမကအတင်းအကျပ်
ထိုးထည့်နေခဲ့သည်။

လက်တွေ့ဘဝကိုမသွားခြင်းတာမျိုး။
လက်တွေ့ဘဝကအတွေးတွေကိုမတွေးချင်တာမျိုး။
ခေါင်းကို လုံးဝအလွတ်မထားချင်နေတာမျိုး။
ဘယ်အချိန်တွေတုန်းထဲကလဲမသိရောဂါတစ်ခုလို
သူတစ်ခုခုကိုမအားလပ်နေရမှနေသာလို့ရသည်။

သူတို့နေရာ သူတို့ဒေသမှာ
သူ့အစုနဲ့သူရယ်မောပျော်ရွှင်နေကြသောပုံရိပ်တွေ။
လုပ်ချင်တာနဲ့လုပ်နေရတာတွေထပ်တူကျကာ
တက္ကသိုလ်ကျောင်းသားဘဝကိုပေါ့ပါးစွာဖြတ်သန်း
နေကြတဲ့သူတွေ။ အဖေ အမေနှင့်အဆင်ပြေပြေ
ဖုန်းပြောအလွမ်းဖြေနေကြသူတွေ။သီချင်းတွေ
အော်ဆိုကာ ကော်ရစ်တာတစ်လျှောက်ဖြတ်သန်း
သွားလာနေကြတဲ့သူတွေ...။

သူနှင့်သွေဖယ်နေရခြင်းတွေများတော့စာတွေကိုသာ
မအားလပ်အောင်ခေါင်းထဲစုပြုံထည့်နေလိုက်သည်။
ဝင်တိုးဖို့ ဝင်ပါဖို့ လိုက်လျောညီထွေဖြစ်အောင်
ဆိုတာက ကိုယ်တိုင်ကမလုပ်ချင်နေခဲ့ပါ။
ဘာကြောင့်လဲဆိုတဲ့အဖြေတွေကလည်းရှုပ်ထွေးပါ၏။

စာကျက်နေတုန်းဖုန်းလာတာမလို့ဖုန်းScreen ကိုတစ်ချက်
ကြည့်လိုက်ပြီးနောက်ချက်ချင်းယူကာ
အခန်းပြင်ထွက်ပြီး ခပ်လှမ်းလှမ်းကအမှောင်ထု
တစ်ခုထဲသွားထိုင်ကာဖုန်းကိုကိုင်လိုက်သည်။

"အမေနဲ့သွားနေရင် အနည်းဆုံးတော့
အဆင်ပြေပြေနေရမယ့်ဟာ နင့်အဖေဝန်ထမ်းလစာ
နဲ့ ခြစ်ကုတ်နေရတဲ့ဘဝကို နင်ဘာတွေအဆင်ပြေနေတာလဲ
အဒေါ်ပြောမယ် အခရာ အိမ်ထောင်ကွဲတာကလေ
နင့်အမေငါ့ညီမတစ်ယောက်ထဲရဲ့အမှားမဟုတ်ဘူး
တရားဝင်ကွာရှင်းပြီးနှစ်ကြာမှ သူအဆင်ပြေတဲ့သူကို
ထပ်ရွေးချယ်တာပါ တစ်ဖက်လူကလည်း
နင့်အပေါ်မဆိုးပါဘူးဟယ်"

ဖုန်းကိုင်ထားသောလက်တွေတင်းသွားသည်။
အမှောင်ထုထဲမြင်ရခက်နေသောမျက်ဝန်းတွေသည်
အရောင်အလွန်ဖျော့လျော့သွားပြီး

"အဒေါ် ကျွန်တော့်မှာ မိသားစု ၃ယောက်ရှိတယ်
အဖေရယ် အမေရယ် အဒေါ်ရယ်
အဲ့လူ၃ယောက်က ကျွန်တော့်ကိုဖုန်းဆက်ကြတိုင်း
ဆက်သွယ်ကြတိုင်း ဘာလ်ို့ ကျွန်တော်အရမ်းပင်ပန်း
ရတာလဲမသိဘူး ဖြစ်နိုင်ရင် ဖုန်းမခေါ်နဲ့ဗျာ..."

"ဟဲ့ !! နင့်အတွက်ပြောနေတာ
နင့်အဖေ လူကြီးကျယ်နဲ့ နေရတာ...."

"မပျော်ဘူး အဒေါ်သိလား ကျွန်တော်
ဘယ်သူနဲ့နေနေ ဘယ်ကမ္ဘာမှာနေနေ မပျော်ဘူး
ပျော်လို့ရွေးခဲ့တာမဟုတ်ဘူး နည်းနည်းနာကျင်ရ
သက်သာမယ့်နေရာကို နေသာရုံရွေးခဲ့တာပါ..."

"နင့်ဘဝတစ်ခုလုံးကတောင်ကြီးမှာလေ
နင့်အဖေ တာဝန်ကျရာနေရာတွေကို
အကုန်လိုက်သွားနေမှာလား"

"မတတ်နိုင်ဘူး....ဖြစ်နိုင်ရင် ဖုန်းမဆက်ကြဖို့ပဲ
အမေ့လည်းပြောပေး ကျွန်တော့်ဟာကျွန်တော်
နေပါရစေ"

"မနေနိုင်တော့ရင် ပြန်လာခဲ့
နင်ကပါ နင့်အဖေနဲ့တူပြီး မာနခေါင်ခိုက်မနေနဲ့အခရာ
တလွဲမာန အတ္တတွေကလေ ဘဝတွေကိုသေစေတယ်"

"ဘယ်သူ့ဘဝသေတာလဲ အဒေါ်
အမေလည်း နေပျော်နေပြီး အဖေလည်းသူ့ဘဝနဲ့သူ
ကြားထဲက ကျွန်တော်တစ်ယောက်ပဲ
နေစရာမရှိ ဆောက်တည်ရာမရနေတာမဟုတ်ဘူးလား"

"အဲ့တာကြောင့် နင့်အမေနဲ့ပြန်လာနေလို့!!!!"

"မနေဘူး!!! မနေချင်ဘူး ....!!!"

"ဒီလောက်ပဲ...ဒီလောက်ပဲအဒေါ်
အကြောင်းမရှိရင် ကျေးဇူးပြုပြီးမဆက်သွယ်ပါနဲ့..."

ငိုရှိုက်သံသည်အမှောင်ထဲတိုးဖွဖွလေးထွက်လာခဲ့ပါ၏။
ယောကျ်ားမို့အလွယ်တကူမျက်ရည်မကျရဘူးဆိုတဲ့
ကိုယ်သတ်မှတ်ထားသောကိုယ့်ဘောင်ကိုကျော်မိကာ
မျက်ရည်တွေဆက်တိုက်ကျဆင်းလာမိတော့
ပိုဒေါသထွက်ရသည်ခံပြင်းရသည်။

အမှောင်ထုထဲအသံမထွက်အောင်ငိုရှိုက်နေရတဲ့
ဒုက္ခဟာ အလွန်မွန်းကျပ်စိတ်ပျက်စရာအတိ။
ဒေါသတွေဝမ်းနည်းမှုတွေကိုမျက်ရည်တွေအဖြစ်
အကုန်အစင်ပြောင်းလဲလိုက်ပြီးနောက်
ကုန်စင်အောင်သုတ်လိုက်ကာအခန်းစီပြန်လျှောက်
လာခဲ့သည်။

နီရဲနေသောမျက်လုံးတွေကိုဆံပင်တွေဖြင့်
အုပ်လိုက်ကာခေါင်းငုံ့လျှက်ခပ်သုတ်သုတ်
လျှောက်လာပြီး လမ်းမှာလှမ်းနှုတ်ဆက်သော
အဆောင်သားများကိုလည်းတစ်ယောက်ကိုမှ
တုံ့ပြန်မှုမပေးမိ။

"သူ့ကိုကြည့်ရတာစာအုပ်တွေထဲက စိတ္တဇဇာတ်ကောင်လို
အမြဲတမ်း မေးလည်းမဖြေ ခေါ်လည်းမထူး
မြတ်သူတော့ ဘယ်လိုအတူနေတယ်မသိဘူး..."

ကြားနေရလည်းပြန်မတုံ့ပြန်မိ။အခန်းထဲပြန်ဝင်
ကာအိပ်ရာပေါ်တန်းသွားပြီးစောင်ခြုံကာ
အသက်ကိုသာမှန်မှန်ရှုနေလိုက်သည်။

ဘာတွေမှန်းမသိတဲ့ ထုံထိုင်းနေမှုတွေ
နေ့တိုင်း သူ့ဘဝကပြဿနာတက်နေရသလို
ခံစားနေရတာတွေ ဝမ်းနည်းခံပြင်းမှုတွေနဲ့အတူ
မျက်လုံးတွေကိုသာမှိတ်ချပြီးမရရအောင်
အိပ်ဖို့ကြိုးစားခဲ့သည်။

မြတ်သူခြင်ထောင်လာချပေးနေသောအသိကို
သိနေပေမယ့်မလှုပ်ချင်တော့ပါ။တစ်ခါတလေ
ပိုပြီးကျဉ်းမြောင်းတဲ့ပုန်းအောင်းဖို့နေရာတွေကို
ရှာရင်းရှာရင်း စောင်တစ်ထည်အောက်ပဲ
တစ်သက်လုံးနေချင်ခဲ့သော သွေးရူးသွေးတန်း
စိတ်ရူးပေါက်မှုတွေလည်းရှိသည်။

ကျွန်တော့်ဟာ အမြဲမိသားစုအတွက်ရော
ပတ်ဝန်းကျင်အတွက်ပါ ငြီးငြူစရာ
ငြီးငွေ့စရာ သတ္တဝါပါ....။

____________။

"လက်ဖက်ထမင်းကြက်ဥနဲ့....တစ်ပွဲ
ပြီးတော့ Coffee ပလိန်းတစ်ခွက်..."

"အိုကေ...."

နေ့ခင်းထမင်းစားချိန်အတန်းတွေဆင်းလာ၍
လူအရမ်းကျတတ်သောအချိန်များတွင်
မကြီးဆိုင်မှာစားပွဲထိုးမလောက်တတ်ပါ။
အလုပ်မနိုင်တော့တိုင်းဝင်ကူပေးသည်က
ပထမနှစ်ထဲကတစ်ရက်မပျက်စားသောက်ခဲ့
သော သင်္ချာကျောင်းသား၃ယောက်ပင်ဖြစ်သည်။

ပျော်ပျော်ပါးပါးဝင်ရောက်ကူညီတိုင်း
မကြီးကအသုတ်ကောင်းကောင်းလုပ်ကျွေးတတ်တာ
မလ်ို့ တက္ကသိူလ်ကျောင်းသားဘဝတွေမှ
စားပွဲထိုးဘဝဆီခုန်ချဖို့ကိုအလွန်တက်တက်ကြွကြွ။

တစ်ဆိုင်လုံးပတ်ကာကူညီပေးနေရသော
အချိန်တွေကိုရိုးသားစွာကျွန်တော်ပျော်ခဲ့ပါသည်။
အကူအညီလို၍အကူအညီပေးရခြင်းတွေအပေါ်
အစ်မအရင်းလိုလည်းဖြစ်နေ၍သံယောဇဉ်လည်းရှိ
တာမို့ပျော်ပျော်ပါးပါး အမြဲရှိခဲ့သည်။ဤနေရာတွင်
မဟုတ်အမြင်မတော်သောဘယ်နေရာကိုမဆို
ကူညီနိုင်စွမ်းရှိပါက အပြေးအလွှားပါဝင်လိုက်ချင်
သည့်စိတ်ကဝါသနာတစ်ခုလိုစိတ်အရင်းခံတွင်
အမြဲကပ်ငြိနေခဲ့သည်။

"ရဲကြီးတို့ ထမင်းလေးတစ်နပ်အတွက်ရုန်းကန်နေတာများကွာ...."

"အေးကွာ ဘဝသမားလေးမို့ပါ....ဘာတွေမြိုကြမလဲ"

"Customer ကိုဘယ်လိုဆက်ဆံလိုက်တာ..."

"တန်သလို ဆက်ဆံတာ..."

မီးခိုးရောင် Shirtင်္အကျီနှင့်ကချင်ပုဆိုးကွက်
လှလှတစ်ထည်ကိုမအပ်မစပ်တွဲဝတ်ထားကာ
ဆံပင်တွေသည် ပြေးလွှားနေရရင်းမသေမသပ်
နဖူးပေါ်ဝဲနေသည်။ကျော့ကော့သေသပ်နေသော
ကျောင်းသားတစ်ယောက်၏ပုံစံလုံးဝမပေါ်သော်
လည်း ပြေးလွှားရင်လှစ်ခနဲ ပြုံးသွားတိုင်း
သေသပ်စွာကွေးညွှတ်သွားသောနှုတ်ခမ်းတွေ။

စူးရှစွာအရောင်တောက်နေသောမျက်လုံးတွေဖြင့်
မရင်းနှီးသောမေဂျာက ကောင်မလေးတွေ
လာထိုင်တိုင်း "ဘာစားမလဲ"ဟု ခပ်ပြုံးပြုံးမျက်နှာ
ခပ်ညို့ညို့မျက်လုံးတွေနှင့် ခုံကိုလက်ထောက်ကာ
သူမေးတိုင်း ကျောင်းသူလေးတွေကြောင်အစွာ
ငေးကြည့်နေတတ်ကြသည်။

လူအနည်းငယ်နည်းသွားသောအချိန်တွင်
ဖြိုးလေးနှင့်ဝေယံသည်နားသွားကြပြီး
မကြီး လုပ်ကျွေးမည့်စားစရာတစ်ခုခုပြင်
ဆင်နေခြင်းကိုသွားသရေယိုနေကြပြီ။

ကောင်မလေးတွေရဲ့ဝိုင်းတစ်ဝိုင်းကို
မေးနေချိန်တွင် ဆိုင်ထဲသို့မလှုပ်တလှုပ်ဖြင့်
ဝင်လာသောပုံရိပ်တစ်ခုကိုလှမ်းတွေ့လိုက်ရသည်။

နက်ပြာရောင်Shirtအင်္ကျီကိုအနီရောင်ပုဆိုး
ဖြင့်တွဲဝတ်ထားကာလွယ်အိတ်ကိုလွယ်လျှက်
SizeကြီးသောPractical စာအုပ်ကိုလက်က
ခေါက်ကိုင်ကာခေါင်းငိုက်စိုက်ဖြင့်ဝင်လာသော
ညှိနှိုင်းတောင်းပန်လို့မရခဲ့သော
မချေမငံ ဓာတုဗေဒကကောင်လေးဖြစ်ပါ၏။

ဘေးဘီဘာကိုမှမကြည့်ဆိုင်ထဲဝင်လာကာ
သူထိုင်နေကျဖြစ်ဟန်တူသော
ထောင့်ဝိုင်းတွင်ဝင်ထိုင်လိုက်ပြီး
လွယ်အိတ်ထဲမှစာအုပ်ခပ်ထူထူတစ်အုပ်ကိုထုတ်လာသည်။

စာအုပ်သည် သမိုင်းစာအုပ်တစ်အုပ်ဖြစ်ပြီး
ကျောင်းသားတွေရဲ့သမ်ိုင်းကြောင်းဖြစ်နေတာမလို့
ဤခေါတ်အခါထဲ သမိုင်းတွေအပေါ်
ပြောင်းလဲမှုတွေအပေါ် အချ်ိုးအကွေ့တွေအပေါ်
စိတ်ဝင်တစားရှိနေသေးသောကျောင်းသားတွေရှိ
နေသေးတာပဲဟု ခပ်ထူထူစာအုပ်နှင့်
ခပ်သေးသေးကျောင်းသားလေးကိုလှမ်းကြည့်ကာ
တွေးဆလိုက်မိသည်။

သူရောစိတ်ဝင်စားလာမေးရင်ဘေးက
ပြောပြရင်တော့စိတ်ဝင်စားပေမယ့်
စာအုပ်ဖတ်ဆို အဖုံးမြင်အိပ်ချင်လာသူမလို့
စာရေး စာဖတ်ကတော့ ဝေးဝေးကနေပါ၏။

စားပွဲကိုတစ်ရှူးဖြင့်ထပ်ခါထပ်ခါသုတ်ကာ
ကိုယ်နေဟန်ထားခပ်မတ်မတ်ဖြင့်
စာအုပ်ကို ပ်ိုးကောင်လေးတစ်ကောင်ထိသကဲ့သို့
ဖွဖွလေးဖွင့်ကာလှန်နေသည်။

ကမ္ဘာကြီးတစ်ခုလုံးဆူပူနေပေမယ့်
သူဘာမှမသိမကြားသလိုပတ်ဝန်းကျင်ကို
မျက်လုံးတစ်ချက်တောင်မဝေ့ဘဲနေနေပုံက
ပထမနှစ်ကျောင်းသားဟုကျိန်ပြောရလိမ့်မည်။
ဤကောင်လေးသည် ဂုဏ်ထူးတန်းကျောင်းသားကြီး
တွေလိုဟိတ်ဟန်လုပ်နေခြင်း။

င်္သချာကျောင်းသားကြီးသည်ထောင့်ဝိုင်းမှကျောင်းသား
လေးအပေါ်ကလေးကလူကြီးအထာအလွန်ဖမ်းနေခြင်းဟု
သူ့ဟာသူသတ်မှတ်လိုက်ကာ ပြုံးယဲ့ယဲ့ဖြင့်လှမ်းကြည့်
နေရင်းနှုတ်ခမ်းတွေပို၍တွန့်ကွေးသွားသည်။

ထို့နောက် စားပွဲထိုးလာမေးမှာကိုစောင့်နေပုံရ
သောကျောင်းသားလေးဆီတစ်လှမ်းချင်းလှမ်းသွားလိုက်သည်။

"ဘာမှာမလဲ....."

ဆိုင်ထဲလူများနေသေး၍အေးဆေးမှာရန်
စာအုပ်ဖတ်ကာစောင့်နေတုန်းကကြားလိုက်ရ
သောအသံ။အသံနဲ့တစ်ချ်ိန်ထဲခုံပေါ်ထောက်
လာသည့်Shirtအင်္ကျီလက်ခေါက်တင်ထားသော
လက်ဖျံနှစ်ခု။ထင်ရှားလွန်းနေသောသွေးကြော
တွေနဲ့သွယ်တန်းတန်းလက်ချောင်းတွေဟာ
သူ့ရဲ့စာအုပ်အနားကိုကျလာသည်။

အခရာသည် မြင်လိုက်ရသော
သွယ်လျလျလက်ချောင်းတွေနဲ့
အဖြူမညိုအသားအရည်ပေါ်ကစိမ်းဖန့်ဖန့်
သွေးကြောတွေကို ခဏတာ တွေဝေစွာ
ကြည့်မိခဲ့ပါ၏။

ယောကျ်ားတစ်ယောက်၏လက်ချောင်းတွေ
သွေးကြောမျှင်တွေဟာ ဤကဲ့သို့မျက်မှောင်ကျုံ့
သွားချင်စရာ"လှတယ်"ဟုဘာလို့သတ်မှတ်လို့ရ
နေတာလဲ...။

အဆင်မပြေသောမျက်လုံးတွေနဲ့ပဲ
မော့ကြည့်လိုက်တော့ စူးရှရှမျက်လုံးတွေနဲ့
အတူ ပြုံယဲ့ယဲ့မျက်နှာတစ်ခုကိုတွေ့လိုက်ရသည်။

အခရာသည်ရှည်လျားသောမျက်တောင်
တွေနဲ့ဝန်းရံထားသောမျက်လုံးနက်နက်တွေနဲ့
ဤအနီးကပ်တွေ့နေရလွန်းသော
စူးစူးရဲရဲအစိတ်အပိုင်းတွေနဲ့မျက်နှာကို
မျက်မှောင်ကျုံ့လုမတတ်အဆင်မပြေစွာ
စိုက်ကြည့်နေသည်။

"ဘာ စား မှာ လဲလို့...."

"ဘာမလို့ မေးတာလဲ..."

"စားပွဲထိုးမလို့ပေါ့..."

"ခင်ဗျားလုပ်ရပ်ကို ကျွန်တော်
တကယ်ခေါင်းထဲမရှိတော့တာပါလို့မနေ့ကပြောပြီးပြီလေ"

"ငါဘာပြောနေလို့လဲ...ငါခုဆိုင်ရဲ့
စားပွဲထိုးလုပ်နေလို့ ဘာစားမလဲမေးနေတာ
စားချင်တာ ဖြေရင် ရပြီလေ..ပြီးတော့မင်း
ကိုယ့်ထက်အကြီးကို စကားပြောတာ
ခင်ဗျား ခင်ဗျားနဲ့....ရိုင်းတယ်မထင်ဘူးလား"

"မထင်ဘူး...."

"ဘာ ...."

စိတ်ကောင်းထား၍မရ ဤကောင်လေးသည်
တကယ့်ကိုလေးစားမှုမဲ့လေးဖြစ်နေပါ၏။

"ထားတော့ ထားတော့ Chemistry ကမလို့
ဒီလိုဖြစ်နေတာ နားလည်ပေးလို့ရတယ်
ဘာစားမလဲသာ ငါ့ကိုမြန်မြန်ပြောလိုက်တော့...."

ခပ်စူးစူးတစ်ချက်စိုက်ကြည့်ကာ
စာအုပ်အားပ်ိတ်လိုက်သံသည်အုန်းခနဲ။
ခုံမှထကာ ရုတ်တရက်ထွက်သွားတော့
ကြောင်အအပင်ဖြစ်သွားသည်။

မီးဖိုခန်းဆီဝင်သွားကာမကြီးအား
ကိုယ်တိုင်သွားမှာနေသောအသံကိုကြားလိုက်ရပါ၏။
ကျောင်းသားကြီးသည် အံ့ဩလွန်းလို့
ဘာမှမပြောနိုင်တော့ပါဆိုသောမျက်နှာဖြင့်
မတ်တပ်ရပ်ကာကျန်ခဲ့သည်။

မှာပြီးပြန်ထွက်လာသူသည် စာအုပ်ပြန်ကိုင်ကာ
ပုံမှန်အတိုင်းပြန်ဖတ်နေသည်။
ဘယ်တက္ကသိုလ်ကျောင်းသားကကန်တင်းမှာ
စားပွဲထိုးလုပ်မှာလဲအဓိပ္ပာယ််မရှိတာ။
အလွန်ဗရုတ်ကျတတ်သောပေါ့ပါးသွက်လက်
ပျော်ရွှင်နေပုံထောက်သောလူတွေကို လက်ရှိမှာ
အမြင်မကြည်ဆုံးဖြစ်နေသည်။

သူ့ကိုမတူမတန်သလိုတစ်ချက်မှတုံ့ပြန်မှုမပေးတော့ဘဲ
စာပြန်ဖတ်နေသောဓာတုဗေဒကျောင်းသားလေးအား
ကြည့်ရင်းဆွဲထိုးလိုက်တာမျိုးအထိတော့မဟုတ်ပေမယ့်
တကယ့်ကိုလူကြီးတစ်ယောက်ပမာစာကြီးပေကြီးအား
တည်ငြိမ်ရင့်ကျက်သောအနေအထားဖြင့်ဖတ်နေပုံကို
"သောက်ကလေးလေးကများ..."ဟု
ကြိမ်းကာနဖူးကိုပဲဖြင့်ခပ်စပ်စပ်ရိုက်ပစ်လိုက်ချင်နေသည်။

"ဟေ့ကောင် ရဲကြီး အဲ့မှာ ဘာသွားလုပ်နေပြန်တာတုန်း!!!"

ဝေယံသည် သူ ဓာတုကောင်လေးဘေးနား
ရပ်နေ၍သရဲတွေ့သလိုပြေးလာကာမျက်နှာမြင်ရုံနဲ့
သူငယ်ချင်းဘာလုပ်ချင်နေသလဲတွက်ဆပြီးပြီမလို့
ချက်ချင်းခပ်ဝေးဝေးသို့ဆွဲထုတ်သွားတော့သည်။

ခပ်ကြမ်းကြမ်းဆွဲခေါ်သွားခြင်းခံလိုက်ရသော
သင်္ချာကျောင်းသားကြီး၏ကျောပြင်ကို
စာအုပ်ဖတ်နေရာက ဖျက်ခနဲလှမ်းကြည့်လာ
သောမျက်တောင်ရှည်များဖြင့်မျက်ဝန်းတစ်စုံသည်
စက္ကန့်ပိုင်းလောက်သာရှည်ကြာပြီးစာအုပ်ဆီပြန်
ရောက်သွားသည်။

"မင်း ကို မပြီးနိုင်ဘူး....."

"ငါ စားပွဲထိုးနေတာလေ စားမယ့်သူလာတာ
ငါမမေးလို့ ငါ့အလုပ်လေ...."

"တော်စမ်း...မမေးလည်းရတယ်
ကလေးကို ရန်ကိုသွားသွားစချင်နေတာ..."

"ငါ့အနေအထားက အဲ့ကလေးကိုရန်စမှ
ရန်ဖြစ်ရမယ့်အနေအထားလား ရန်ဖြစ်ချင်
ခုဖုန်းဆက်စိန်ခေါ်ခုသွားထိုးလို့ရတယ်"

"ဟ!!! ဟိုမှာ E မေဂျာက နတ်သမီးလေးတွေ
တော်ပြီတော်ပြီဟေ့ကောင် ရန်မဖြစ်တော့ဘူး
အလှတရားကိုခံစားကြမယ်..."

ဆိုင်ရှေ့အထိဆွဲခေါ်ခံရတာမလို့ဆိုင်ရှေ့တွင်
အခြေအတင်ဖြစ်နေတုန်း ခပ်လှမ်းလှမ်းမှ
လမ်းမအတိုင်းဖြေးညှင်းစွာလမ်းလျှောက်လာသော
တက္ကသိုလ်ကျောင်းသူ၃ယောက်ကိုလှမ်းတွေ့လိုက်ရသည်။

ဝေယံသည်တက်ကြွစွာလှမ်းကြည့်ပြီး
မင်းရဲရင့်သည် ခပ်စူးစူးမျက်ဝန်းတွေဖြင့်ကြည့်လာသည်။

ကျောင်း၏နာမည်ကြီးအလှဆုံးတွေဟု
သတ်မှတ်၍ရသောကျောင်းသူများဖြစ်ကြပြီး
အလှဘွဲ့ခံယူထားခြင်းအပေါ်တာဝန်ကျေကြသလို
ခေါင်းစခြေဆုံးမှုံကြွနေအောင်လှပနေကြပါ၏။

အထင်ပေါ်ဆုံး အလှဆုံးဟု သိသာနေသော
ကျောင်းသူသည်အလည်တွင်ရှိနေပြီး
2013ခုနှစ်ရဲ့Major Queenဖြစ်ခဲ့ရုံမက
All Queenပါဖြစ်ခဲ့သူဖြစ်သည်။

အနီရဲရဲမြန်မာဝတ်စုံကို အလိုအပိုမရှိ
တစ်ကျောင်းလုံးလည်ပြန်ငေးရသော
ခန္ဓာကိုယ်လှလှလေးတွင်ဝတ်ထားကာ
သူမ၏အနက်ရောင်ဆံပင်ရှည်တွေသည်
ခါးကျော်သည်အထိဝဲဖြာကျနေသည်။

အနီရောင်ဖဲပြားလေးဖြင့်သေသပ်စွာ
တစ်လွှာယူစည်းထားကာ မနှေးမမြန်
နွဲ့နှောင်းသောဟန်ဖြင့်လျှောက်လှမ်းလာပုံသည်
ပျိုပျစ်နုနယ်မှုတွေအပြည့်ဖြင့်နှင်းဆီရဲရဲတစ်ပွင့်လို
သိပ်လှပနေပါ၏။

"မနှစ်ကAll Queenကတကယ်ကြီးလှတာနော်
ဒီနှစ်ထပ်ရွေးပြီးလည်းသူ့ကိုမှီမယ့်သူသူရှိမယ်မထင်ဘူး
မိတ်ကပ်တစ်ပိဿာနဲ့လှနေတာမျိုးမဟုတ်ဘူး
သူမကိုယ်တိုင်ကကိုလှနေတဲ့အလှမျိုး အားကျလိုက်တာ"

မလှမ်းမကမ်းဝိုင်းမှကျောင်းသူလေးတွေ၏
မှတ်ချက်ကိုဝေယံကခေါင်းငြိမ့်ကာအပြည့်အဝ
ထောက်ခံပြီး သူငယ်ချင်းကိုကြည့်လိုက်တော့
မျက်တောင်ပင်ခတ်ရဲ့လားမသိငေးစိုက်နေသည့်အခါ
ဖျက်ခနဲရိုက်ချလိုက်သည်။

"ဘာ လုပ်တာလဲ!!!"

"သေသွားပြီလားလို့ ....ငမ်းတာကလွန်လွန်အားကြီး
ဟိုက မင်းလိုကောင်မျိုး ဒေါက်ဖိနပ်ဖျားလေးနဲ့
ကျွီဆို ကန်ထုတ်လိုက်မှာ တော်ရုံပဲ ငမ်း..."

"စော်ကားလိုက်တာကွာ...လှလို့ကြည့်တာဘာဖြစ်လဲ"

"ဟေ့ကောင်တွေ အသုတ်ရပြီ ချဉ်ငံစပ်
မြန်မြန်လာကြ!!!!"

ဖြိုးလေး၏ဆိုင်ထဲကအော်ခေါ်သံကြားတဲ့အခါ
ဝေယံသည်လျှပ်စီးလိုပြေးသွားတော့သည်။
သူသည်ပြေးလိုက်မဝင်သေး။အနီရောင်ပုံရိပ်
ဘေးချင်းကပ်ရပ်ဆိုင်ထဲတရွေ့ရွေ့ဝင်သွားသည်
ကိုမျက်စိတဆုံးကြည့်ပြီးမှ ပြေးလာသည်။

"ဟေ့ကောင်လေး အခရာလား ဘာလား
မကြီးခေါ်တာ ....စားဦးမလား ငါတို့လုပ်စားတာ
ပိုက်ဆံပေးစရာမလိုဘူး မင်းကိုရဲကြီးတင်မက
ငါတို့ပါရောတောင်းပန်တဲ့အနေနဲ့နည်းနည်းကျွေးမယ်"

"မစားဘူး...."

ဝေယံသည် မျက်နှာပင်လှည့်မလာစာအုပ်ဖတ်
နေရင်းမှ ခပ်ပြတ်ပြတ်ချက်ချင်းလှမ်းဖြေလာသော
ဓာတုဗေဒကျောင်းသားလေး၏အပြုအမူကိုအလွန်ကြောင်အ
သွားသည်။ မျက်တောင်တဖျက်ဖျက်ခတ်သွားကာ
သူငယ်ချင်းတွေကိုကြည့်တော့ရဲကြီးကပုခုံးကိုပုတ်ကာ

"သိပြီလား မှတ်ပလား...."

"အေး သိပြီ...."

မတုန်မလှုပ် ထမင်းစားပြီး Coffee တစ်ခွက်ဖြင့်
စာဖတ်နေသူသည် ကျောက်ရုပ်တစ်ရုပ်လို
မိနစ်ပေါင်းများစွာထိုထောင့်လေးတွင်ငြိမ်သက်နေသည်။
သူတို့အတန်းတွေသွားတက်ကြသည်အထိ
စာအုပ်ဖတ်နေခဲ့သူသည် တုန့်တုန့်မှမလှုပ်ခဲ့ပါ။

ဓာတုဗေဒကျောင်းသားများသည်တစ်ယောက်တမျိုး
စီကြီးကြီးငယ်ငယ်အမြင်ကပ်ဖွယ်ရာအလွန်ကောင်း
ခဲ့ကြပါ၏။

_______။

Bạn đang đọc truyện trên: AzTruyen.Top