အပိုင်း(၂၀)

"အယူအဆပေါ့ဗျာ....ပြီးတော့စိတ်ခံစားချက်
ခဲသားတစ်ချက်ခြစ်တိုင်းရဲ့ စိတ်အားထက်သန်မှု
အာရုံစိုက်မှုပေါ့....."

"ဟုတ်ကဲ့ ကိုပုတု"

"ခင်ဗျားသာပြောပြနေရတာ သိပ်တော့မတူဘူးထင်တယ်"

"မဟုတ်တာဗျာ အံ့ဩလောက်အောင်တူလွန်းပါတယ်
တကယ် ခင်ဗျား က ပါရမီရှင်ပဲ..."

တက္ကသိုလ်၏အေးချမ်းသော နွေမနက်တစ်ခုတွင်
ကာတွန်းဆရာကိုပုတု(ရံဖန်ရံခါပန်းချီဆရာ)နှင့်
အခရာသည် အဓိပတိလမ်း၏  Platform တွင်
ထိုင်ကာလှမ်းမြင်နေရသောတက္ကသိုလ်လေးထပ်ဆောင်
ကြီးနှင့်အနားတဝိုက်ရှုခင်း ကျောင်းသား/သူများအထိ
အသေးစိတ်ပန်းချီခြစ်နေကြခြင်းဖြစ်သည်။

ကိုပုတုဆွဲသည်ကိုဘေးနားတွင်ထိုင်ကာကြည့်နေသော
အံ့ဩမှင်သက်နေသည့်အခရာသည်ဝိုင်းစက်
နေသောမျက်လုံးလေးတွေဖြင့်။ကာတွန်းတွေပဲ
ရင်းနှီးဖူးတာမလို့ ရှုခင်းပုံခြစ်နိုင်လိမ့်မယ်လို့
မထင်ခဲ့တာ ကိုပုတုသည် အံ့ဩလောက်အောင်
လက်ရာလှလွန်းနေပြန်ပါ၏။

"ပါရမီတော့လည်းမဟုတ်ဘူးဗျ ပါရင်တော့လည်း
ပါမှာပေါ့လေ ကျွန်တော် ပန်းချီဝါသနာပါတယ်လို့
ခံစားရတဲ့မူလတန်းထဲကအတင်းကြိုးစားခဲ့တာ
လက်ထဲတစ်ခုခုရောက်တာနဲ့ခြစ်ပြီးပြီ နှစ်ပေါင်းများစွာ
တစိုက်မတ်မတ်လေ့ကျင်လာလို့လည်းပိုပြီးသေသပ်လာတယ်
ထင်ပါတယ် ပါရမီပါပြီး ထိုင်နေလို့လည်းအလုပ်မဖြစ်ဘူးလေ"

"ဟုတ်တာပေါ့ လေ့ကျင့်နိုင်မှ....ခင်ဗျားကျောင်းပြီးရင်
ပန်းချီဆရာလုပ်ဗျာ ကျွန်တော်ခင်ဗျားကိုသိပ်အောင်မြင်
စေချင်တာပဲ....."

"ပန်းချီဆရာပေါက်စလေးကဒီခေါတ်မှာစားဝတ်နေရေး
ပန်းချီတစ်ခုထဲနဲ့ဘယ်ရပ်နိုင်ပါ့ လမ်းကြောင်းတွေကလည်း
ရှိသေးတယ်လေ ကျွန်တော်တို့အိမ်ကမပြည့်စုံဘူးဗျ
ပုံမှန်ဝင်ငွေရတာကိုလုပ်ပြီး ပန်းချီကတော့အဲ့အလုပ်က
ပင်ပန်းချိန်ထွက်ပေါက်မျိုးပဲရမယ်...."

"ကြိုးစားကြည့်ဦးပေါ့ဗျာ မစရသေးဘူး
ဆုံးနေတော့တာပဲ..."

"မိန်းမပဲယူပြီး ကလေးတွေမွေး
အိမ်ကနွားတွေ ဝက်တွေ ကြက်တွေကိုပဲ
ဦးစီးချင်တယ်....ပန်းချီဆရာတကယ်မဖြစ်ချင်ဘူး"

"ခင်ဗျား ဗျာ....."

ကိုပုတုသည် ရယ်ရယ်မောမောပြောကာ
ပုံအားဆက်လက်ကြိုးစားဆွဲနေသည်။
အခရာသည် ခြစ်သမျှ ခဲသားတိုင်းကို
စိတ်ဝင်တစားကြည့်ကာ အာရုံတွေသည်
ပန်းချီကားထဲမှာပဲအပြည့်အဝ။

"ကျွန်တော် သံလွင်နဲ့ပြတ်သွားပြီဗျ
အသဲကွဲတာ လှိမ့်နေရောပဲ ကာတွန်းတောင်မဆွဲန်ိုင်
မျက်နှာတောင်မပြောင်နိုင်ဘူး ခုတလော...."

"ကြားမိတယ် ဘယ်လိုဖြစ်တာလဲ....."

"အတွေးသမားတွေရဲ့ဒဏ်ကို သာမာန်စိတ်ခံစားချက်
ရှိတဲ့လူတွေကသိပ်မခံနိုင်ကြဘူး တွေးတာကလည်းဗျာ
ပေါက်ကရတွေတော့မဟုတ်ပါဘူး သူမကိုချစ်တာကိုပါပဲ
အသေးစိတ်လေးတွေကျွန်တော်ကလိုက်ခံစားတတ်တော့
ငြီးငွေ့သွားတယ်ထင်ပါ့...."

"ခင်ဗျား သူ့ကိုအရမ်းချစ်တာလို့ကြားမိတယ်
စိတ်မကောင်းပါဘူး...."

"အရမ်းချစ်လေ အရမ်းနာရလေပါပဲ...
ကျွန်တော် လူရုပ်မထွက်တော့တာသာကြည့်...."

ကိုပုတုဟုခေါ်လို့ အရပ်ပုပုတတက္ကသိုလ်ကျောင်းသား
တော့မဟုတ်ခဲ့ပါ။ပုံမှန်အရပ်အမောင်းနှင့်
ရုပ်ရည်ပြေပြစ်သည့်ကျောင်းသားတစ်ယောက်ဖြစ်သည်။
ကျောင်းထဲတစ်ယောက်ထဲသွားလာနေတတ်ပြီး
အပေါင်းအသင်းများတွေ့ပါကလည်းအလွန်ဖော်ရွေ
ခင်မင်တတ်သောသူဖြစ်သည်။နာမည်ကြီးတာက
နှလုံးသားရေးရာကံမကောင်းခြင်းသာဖြစ်သည်။
ကိုပုတု၏ကျောင်းတက်ရက်အများစုသည်အသဲကွဲနေခြင်း
များဖြင့်သာကုန်ဆုံးနေတတ်ပါ၏။

"ခုရော အဆင်ပြေရဲ့လား ခင်ဗျား....."

"မတတ်နိုင်တော့တဲ့အခါကျတော့ အဆင်မပြေလည်း
ပြေလိုက်ရတော့တာပဲ ကျွန်တော်မပြေလို့လည်း
သူမက ကျွန်တော့်နားရှိပေးနိုင်တာမဟုတ်ဘူးလေ
တစ်ခါတလေ အချစ်ဆိုတာ နေတတ်ပေးလိုက်ရခြင်းမျိုးပေါ့"

ဆွေးမြေ့နေသောမျက်လုံးတွေထဲသူဘယ်လောက်
နာကျင်ဝမ်းနည်းနေသလဲဆိုတာသိသိသာသာ။
"ကျွန်တော်မပြေလို့လည်း သူမကကျွန်တော့်နားရှိပေးနိုင်တာ
မဟုတ်ဘူးလေတဲ့"  ကိုပုတု၏ပန်းချီကားလေးကို
ငုံ့ကြည့်ကာ အခရာသည် တိတ်ဆိတ်သွားခဲ့သည်။

သိသိသာသာကြီးရှောင်ဖယ်နေတာမျိုးမဟုတ်ပေမယ့်
စာမေးပွဲနီးလာခြင်းကိုခေါင်းစဉ်တပ်ကာ အရင်လို
တစ်နေကုန်အတူတူမရှိဖြစ်ကြတော့ဘူး။ယောကျ်ား
နှစ်ယောက်ဆိုပေမယ့် ကိုယ့်ဘက်ကသူ့အပေါ်
အရောင်တွေစွန်းနေ၍ ချစ်သူရည်းစားရှိနေသော
လူတစ်ယောက်နား ယောကျ်ားလေးချင်းဖြစ်သော်ငြား
ကပ်မနေချင်။

ဒါသည် စည်းတစ်ခုဖြစ်သည်။
ယောကျ်ားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ်
ကိုယ့်ကိုကိုယ်တန်ဖိုးထားသလို သူ့ကိုလည်းတန်ဖိုးထား
သောစည်းတစ်ခုဖြစ်ပါ၏။အရင်လိုတတွဲတွဲရှိနေချင်
လည်း အစဉ်အမြဲသူနဲ့အတူရှိနေရန်ကြိုဆိုနေသော
လူအနားရူးချင်ယောင်ဆောင်ကပ်နေသေးလို့ရပေမယ့်
ကိုယ့်ကိုကိုယ် လိပ်ပြာလုံနိုင်တဲ့စည်းတစ်ခုမှာပဲ
အခရာကရပ်ခဲ့သည်။

ချစ်တဲ့စိတ်ကတော့ အတင်းအကျပ်ဖိနှိပ်
ဖျောက်ဖျက်ပစ်လို့ အချိန်တိုအတွင်းမရနိုင်၍
နှလုံးသား၏ အခန်းတစ်ခုထဲ လုံလုံခြုံခြုံလေး
ထည့်သော့ခတ်ကာ လွန်စွာအသက်ရှုကျပ်လာတဲ့
အခါမျိုးကျတော့လည်း ထိုအခန်းတံခါးရှေ့လေးထိုင်
စီးကရက်တစ်လိပ်နဲ့ ဂစ်တာတစ်လက်ပေါ့။

ကိုပုတုသည် ခဲသားတွေကိုသေချာစွာအာရုံစိုက်နေရင်းမှ
တိတ်ဆိတ်သွားသော အခရာ့အား စကားတချို့ထပ်၍
ပြောလာသည်။

"အသဲကတော့ ကွဲပေးရတာတယ်ဗျ
ကောင်းတဲ့ခံစားချက်တော့မဟုတ်ပေမယ့်
လူငယ်ဘဝ အချစ်မှာ တစ်ခါလောက်တော့
ရှုံးရှုံးနိမ့်နိမ့်တွေက ဖြစ်ကိုဖြစ်သင့်တယ်
ဒါကကိုယ့်ချစ်သူအပေါ် စိတ်ရင်းနဲ့နှလုံးသားရှိကြောင်း
ချစ်တတ်ကြောင်း ချစ်ခဲ့ကြောင်း သက်သေတွေပဲ"

"တချို့ဆိုတစ်ယောက်ပြီးတစ်ယောက်သာပြောင်းသွားတာ
အထွေးအထူးသိပ်မရှိကြဘူးလေ ကျွန်တော်ကတော့
မရဘူးဗျို့ ချစ်မိရင် ရင်ဘက်ကြီးနဲ့တဆုံး
ခွေးဖြစ်နွားဖြစ်ကိုချစ်တာ...."

ကိုပုတုသည် ထပ်မံပြီးပဲရယ်ရယ်မောမောပြောကာ
ပန်းချီကားလေးအားဆက်လက်လက်စသတ်နေသည်။

"ရော့ ဒါ ခင်ဗျားကိုလက်ဆောင်ပေးမယ်
ကိုလွမ်းအခရာ......"

အခရာ၏မျက်လုံးတွေကျယ်သွားကာမယုံကြည်
နိုင်အံ့ဩသွားသည်။ကိုပုတုသည်
သူ့လက်မှတ်ထိုးပြီးသွားသောဟင်္သာတတက္ကသိုလ်ပုံလေး
အားကမ်းပေးနေခြင်းတွင်ပြုံးယဲ့ယဲ့။

"တကယ်.....တကယ်.....ကျွန်တော့်ကို ပေးတာလား"

"လှတာတော့ သိပ်မလှဘူး ဒါပေမယ့်အမှတ်တရပေါ့ဗျာ
ရဲဘော်တွေဖြစ်ပြီး ဘာမှလည်း ကျွန်တော့်ဘက်က
မပေးနိုင်ခဲ့သေးလို့ ....."

"မဟုတ်တာဗျာ အဲ့လိုတွက်ချက်နေစရာလား
ဒီလောက်လှတာ ....တကယ်...တကယ်.ပေးတာနော်...."

"တကယ်ပါဆို...."

အခရာသည် လက်ထဲရောက်လာသော ပန်းချီပုံလေး
အားကြွေထည်လေးလိုတယုတယ။လက်ဖြင့်အသာ
အယာလေးဖြန့်ကာ ဘယ်လိုသိမ်းဆည်းရမလဲကိုပင်
စိတ်လှုပ်ရှားနေပုံ။

"သဘောကျတာလား...."

"ဘယ်လိုမေးလိုက်ပါ့လိမ့် ကျေးဇူးတင်ပါတယ် ကိုပုတုရာ"

ဝမ်းနည်းကြေကွဲခြင်းတွေနဲ့ခုရက်ပိုင်းတွေမှာ
ပထမဆုံးစိတ်လိုလက်ရပြန်ပြုံးခဲ့ခြင်းပဲ။
အခရာသည် သွားတန်းဖြူဖြူလေးတွေပေါ်သည်
ပြုံးကာ လက်ရာမြောက်လွန်းသော တက္ကသိုလ်ပုံလေး
အားစိုက်ကြည့်ရင်းသဘောကျနေပုံကို ကိုပုတုက
လည်း ပေးရကျ်ိုးနပ်ခြင်းအတွက် ပြုံးယဲ့ယဲ့ဖြင့်ကြည့်
နေသည်။

"နင်စောင့်နေတာကို သိပေမယ့် ငါ့အမေကလိုက်ပို့တဲ့ဟာ
ဘယ်လိုတတ်နိုင်မှာလဲ"

"နင့်ကိုငါညထဲက တကူးတကလာပြောထားတယ်လေ"

"နင်ပြောတိုင်း အကုန်အဆင်ပြေအောင်ငါကဘယ်လို
လုပ်နိုင်မှာလဲ ငါ့အိမ်အကြောင်းနင်သိနေတာပဲကို...."

"နင် ခုဘယ်မှာလဲ ဘယ်မှာလဲ!!!!!"

"ဘာကိစ္စလာအော်နေတာလဲ!!!

"ငါ လာမယ် ပြော နင်ခုဘယ်မှာလဲ!!!!"

"မပြောဘူး!!! ဒါပဲ နင်ငါ့ကိုဖုန်းထပ်မခေါ်နဲ့
နင့်အသံကိုနည်းနည်းလေးတောင်မကြားချင်ဘူးမင်းရဲရင့်
နင်က အမြဲတမ်းစိတ်အပူအလောင်ကောင်...."

တင်းသွားသောမေးရိုးတွေနဲ့ မှိုင်းပြခက်ထန်သွား
သောမျက်နှာသည် ဖုန်းကိုကျိုးကြေမတတ်ဖျစ်ညှစ်
လိုက်မိသည်။မောဟိုက်သွားသောစိတ်ခံစားမှု။
ဤကဲ့သို့ အဆက်ဆံခံရတိုင်း ခံပြင်းရသောစိတ်
နှစ်နဲ့ချီနေပြီဖြစ်သောစိတ်ဖိစီးမှုတွေ။

"တောက်!!!"

ချသွားပြီဖြစ်သောဖုန်းသည်ပြန်ခေါ်လည်း
ဘယ်တော့မှမကိုင်တတ်။တစ်ပတ်လောက်အထိ
သူ့အပေါ် Silent လုပ်ရင်လုပ်ထားတတ်သေးသည်။
ဒေါသသည်တလိပ်လိပ်တက်လာကာအဓိပတိလမ်း
ပေါ်လျှောက်လာတာမလို့မြင်နေရသောအင်္ဂလိပ်စာ
ဆောင်၏နောက်ကျောအားပြေးကန်ချင်စိတ်တွေသည်
တဖွားဖွား။

လောင်လွန်းပါ၏။ မောပန်းလွန်းပါ၏။
မွန်းကျပ်လွန်းပါ၏။ ဒီအခြေအနေကိုသူ့ဘက်က
ဘယ်လိုပဲပြောင်းလဲချင်ချင် ဤဆက်ဆံရေးသည်
တစ်ခုမှပြောင်းလဲမသွားခဲ့ပါ။

ဤလောင်မြိုက်မှုတွေအားတစ်ယောက်ယောက်ကို
တောင်ပြောပြဖို့ မရခဲ့သောအခြေအနေတွေ။
ယောကျ်ားမာနသည် တစ်မှုန်တောင်မရှိနေခဲ့တဲ့
ချောင်ထိုးခံဘဝကို ပြောပြဖို့ရာလည်းရှက်မိခဲ့သည်။

လှိမ့်ပိတ်ခံစားခဲ့ရသည့် ဒေါသနှင့်မောဟ
ဝမ်းနည်းမှုနဲ့ နာကျင်ရခြင်းတွင်ရောပြွန်ကာ
ကိုယ့်ကိုကိုယ် အလွန်မုန်းတီးမိသောစိတ်ဖြင့်
နေချင်သလိုတွေ နေခဲ့သော အခြေအနေများသည်
မွန်းကျပ်ဖို့ရာ အလွန်ကောင်းခဲ့ပါသည်။

စိတ်အပူအလောင်ကောင် ဟု အော်ဟစ်
ပြောသွားခဲ့သလိုပဲ တကယ်ကိုပူလောင်ကာ
ကိုင်ကိုင် မကိုင်ကိုင်ဖုန်းကိုပြန်ခေါ်ခဲ့ပေမယ့်
ထင်သည့်အတိုင်းပဲ မကိုင်တော့။

မျက်နှာတစ်ခုလုံးအားကြမ်းတမ်းစွာ
ပွတ်သပ်ကာ ဒေါသဖြင့်စိတ်တွေသည်
ပို၍လှုပ်ရှားလာပြီး အင်္ဂလိပ်စာဆောင်မှာ
သူမရှိနေပါက ပြေးသွား အော်ဟစ်လိုက်ချင်မိသော
စိတ်တွေနဲ့အတူ မြန်ဆန်သောခြေလှမ်းတွေဖြင့်
ဖုန်းကိုထပ်မံခေါ်ခဲ့သည်။

လေးခါမြောက်တွင် စက်ပိတ်သွားခဲ့ပြီ။
တိုက်ဆိုင်စွာပဲစိတ်ဓာတ်ကျသွားကာ
ခြေလှမ်းတွေရပ်သွားချိန်တွင်
မြင်လိုက်ရသောမြင်ကွင်း။

မလှမ်းမကမ်းရှိအဓိပတိလမ်းPlatform ပေါ်
အစွမ်းကုန်ပြုံးရယ်နေသော အခရာဖြစ်သည်။
ဘေးက မေဂျာတူ သူငယ်ချင်းနှင့်စကားတွေပြောနေရင်း
သာယာနေတဲ့ တက္ကသိုလ်ရဲ့နွေမနက်ခင်းတွင်
အေးချမ်းအဆင်ပြေနေပုံ။

ထုံးစံအတိုင်းကြည်လင်ဖြူနုနေသောမျက်နှာ
ဝတ်ခဲသောရှမ်းအင်္ကျီပိတောက်ခြောက်ရောင်လေးသည်
နောက်တစ်ခေါက်။ လေတသုန်သုန်တွင်ဆံပင်တွေ
လွင့်နေပြီး လက်ရှိသူ့အခြေအနေဘာမှမဆိုင်
အပူဓာတ်ကင်းနေသော အပြုံးလှလှလေးတွေသည်
မင်းရဲရင့်၏ခြေလှမ်းတွေ ဒေါသမောဟတွေနှင့်
တောက်လောင်နေသော စိတ်မီးညွှန့်တွေအား
တိခနဲရပ်တန့်သွားစေသည်။

အသက်ရှုချောင်သွားသလို သက်တောင့်သက်သာရှိ
သွားသလို ငယ်ငယ်ကအိမ်မှာအဆင်မပြေနေစဉ်
အလိုလိုက်တတ်သောလူတစ်ယောက်ရုတ်တရက်ရောက်
လာသလို လုံခြုံသွားသလို ငိုချင်သွားသလို
မီးကိုရေနဲ့ငြိမ်းချလိုက်သလိုဖုန်းကို Screen Offလိုက်ကာ
လွယ်အိတ်ထဲသို့ထည့်လိုက်သည်။

ဒေါသစိတ်တွေသည် ပြုံးရယ်နေသော
ကျောင်းသားလေးအားလှမ်းကြည့်ရင်း
တဖြေးဖြေးပျံ့လွင့်လာကာ နီးလာလေ
သင်္ချာကျောင်းသားကြီးသည် ပုံမှန်ဖြစ်လာလေဖြစ်သည်။

ဒါသည်ပထမဆုံးမဟုတ် အခရာနှင့်ဆိုင်ကယ်
Accidient ဖြစ်တော့မလိုညနေက သူမနှင့်
ကန်ဘောင်မှာရန်ဖြစ်ပြီးမြင်သမျှဝင်တိုက်ပစ်
ချင်နေသည့်စိတ်အခြေအနေတွင်လည်းဤကဲ့သို့
ဒေါသတွေပျယ်ပြယ်သွားခဲ့ဖူးသည်။

စျေးရောင်းပွဲတော်နေ့က "နင်လာခဲ့" ဟုဆိုပြီး
သူမ ရှိမနေပြန်သော နေ့ကဒေါသတွေသည်
လည်း ဆောင်းမနက်စောစောက အခရာ့ကို
မြင်ပြီး ပျောက်ကွယ်သွားခဲ့ဖူးသည်။

ကိုယ့်ကိုကိုယ် အလွန်စိတ်ပျက်မုန်းတီးသော
စိတ်နှင့် မူးရူးပျက်ဆီးနေသောအချိန်အခါများ
တွင်လည်း ဤကောင်လေးအားပထမဆုံး
ဖွင့်ဟပြခဲ့သော စိတ်ပင်ပန်းမှုတွေ ဝမ်းနည်းခြင်းတွေ
ကြောက်စိတ်တွေ...။ငါ့ကိုလှောင်ပြောင်မှာ
ဝေဖန်မှာမဟုတ်တဲ့လူဆိုတဲ့အသိမှာ လုံခြုံခဲ့သောစိတ်တွေ။

စိုက်ငေးကြည့်ရင်းနဲ့ပဲတဖြေးဖြေးချင်း
သူ့ဆီလျှောက်သွားလိုက်သည်။

"ကျွန်တော် တစ််ခုခုလိုအပ်လို့ စာလေးဘာလေး
ရချင်လည်း ရေးပေးနော် ကိုလွမ်းအခရာ...."

"ပြောစရာလိုမလားဗျာ လုပ်န်ိုင်သလောက်ကနေ
အစွမ်းကုန်ပဲကူညီပေးမယ်"

"ကျေးဇူးတင်ပါတယ်....."

ကိုပုတုအားပန်းချီကားလေးဆီမှအကြည့်ခွါကာ
ခင်မင်စွာပြန်လည်ပြုံးပြလိုက်စဉ်အဓိပတိလမ်းပေါ်
တရွေ့ရွေ့ဖြင့်သူ့ဆီလမ်းလျှောက်လာသောမြင်ကွင်းအား
အခရာသည်လှမ်းမြင်လိုက်ရသည်။

မနက်စောစောတစ်ယောက်ထဲကျောင်းလာနေသော
သူသည်ဘေးနားတွင်သူငယ်ချင်းတွေရှိမနေ။
သူ့ကိုလှမ်း၍ကြည့်ကာဖြေးဖြေးမှန်မှန်ဖြင့်လာနေသည်။

ကိုပုတုသည် သူ့ဆီအခရာ့မျက်လုံးတွေမရှိတော့
၍ အခရာလှမ်းကြည့်ရာသို့ လှည့်ကြည့်လိုက်တဲ့အခါ
အခရာ့အနားအမြဲရှိနေ၍ မျက်မှန်းတန်းမိနေသော
င်္သချာကျောင်းသားကြီးအားတွေ့လိုက်ရသည်။

"ဒီ လာတာလားဗျ...ကိုမင်းရဲရင်"

ကိုပုတု၏Character အတိုင်းဘယ်သူ့နေနေ
ခင်မင်ဖော်ရွေတတ်တာမလို့ လက်ပြလှမ်းနှုတ်ဆက်
လိုက်တဲ့အခါ တစ်ဖက်ကပြုံးပြကာခေါင်းငြိမ့်ပြလာသည်။

မှိုင်းထိုင်းနေသောမျက်နှာမျိုးတော့မဟုတ်တော့
ပုံမှန်အနေအထားတွင် သူတို့ဆီတန်းတန်းမတ််မတ်
လျှောက်လာကာ ရောက်သည့်အခါ အခရာ့ဘေးတွင်
ဝင်ထိုင်လာသည်။

"အတန်းမရှိကြဘူးလား....."

ဘေးနားတွင်ဝင်ထိုင်လာပြီးနောက် ကိုပုတုအား
ကြည့်ကာသူကမေးလာသည်။

"၁၀နာရီမှ........"

"အော်.....ဘာတွေလုပ်နေကြတာလဲ"

"ကျွန်တော် ပုံလာဆွဲတာ ......"

"ဆွဲပြီးသွားတာလား"

"ပြီးပြီ ....."

"ငါ တကယ့်အချိန်ကိုလွတ်သွားတာပဲ...
မင်းပုံဆွဲတာကို တစ်ခါလောက်ကြည့်ချင်တာ"

"မထူးဆန်းပါဘူးဗျာ...."

ကိုပုတုနှင့်အဆင်ပြေစွာ ရင်းနှီးစွာရယ်မောစကားပြောနေရင်းမှ
င်္သချာကျောင်းသားကြီးသည်လက်ထဲက
တက္ကသိုလ်ရှုခင်းပုံပန်းချီကားလေးအား ပြန့်နေအောင်
ခပ်ဖွဖွလေးထိတွေ့နေသော အခရာ့ဆီအကြည့်တို့
ရောက်လာကာ

"မနက်စာစားပြီးပြီလား မစားရသေးရင်သွားရအောင်
ကိုပုပု ပါခေါ်ခဲ့လေ...."

"ပုတုပါဗျ ပုတု နာမည်အရင်းက  ထက်မြတ်အောင်ပါ
ကလောင်နာမည်ပုတု မခေါ်ချင်
ထက်မြတ်အောင် ခေါ်လ်ု့ရတယ်ဗျ...."

"Sorry Sorry....ပုပုပဲကြားနေတာ တကယ်အားနာတာ
Sorry ပါဗျာ နော်..."

"ရတယ် ရတယ် မှားတတ်ပါတယ်....ကိုမင်းရဲရင့်
စိတ်ထဲမထားပါနဲ့....."

အားတုံ့အားနာ မျက်နှာသည် ရယ်ကျဲကျဲနှင့်။
ဤလူအားနာတတ်သေးတာပဲ....။ရယ်ချင်သော်
လည်းကြိတ်မှိတ်ကာတောင်းပန်နေပုံက
သူဘာဖြစ်နေလဲ ကိုယ်သိနေသည်အထိ
ဝမ်းနည်းစွာ ရင်းနှီးနေကြပြီးပြီလေ။

" မနက်စာသွားစားကြမှာလား သွားကြလေ
ကျွန်တော်က အတန်းပြေးပြီးအဆောင်ပြန်အိပ်တော့မှာ
သွားတော့မယ်နော်...."

"နေပါဦးဗျ ကျွန်တော်ကစားပြီးပြီ မသွားဘူး
ပန်းချီအကြောင်းဆက်ပြောကြမယ်လေ....
ခင်ဗျားစိတ်အဆင်မပြေရင် တစ်ယောက်ထဲမနေနဲ့"

"Energy ကုန်သွားလို့ပါဗျာ....ခင်ဗျားဘော်ဒါလည်း
ရောက်နေပြီပဲ နောက်မှတွေ့ရအောင်...."

"Energy ကုန်သွားတာ ငါ ပုပုလို့ခေါ်လို့တော့မဟုတ်ပါဘူးနော်"

"ဟေ့လူ....!"

"ဖြစ်ရမယ်ဗျာ လူနောက်တွေပဲ သွားပြီဗျို့
မိသံလွင်ကို အိပ်ရာထဲခိုးငိုရင်း သွားလွမ်းလိုက်ဦးမယ်"

ကိုပုတုသည် ၂ယောက်လုံးအားဖော်ရွေရင်းနှီးစွာ
နှုတ်ဆက်ပြီးတဲ့နောက် လေးထပ်ဆောင်ကြီးဘက်သို့
တရွေ့ရွေ့လျှောက်ကာထွက်သွားခဲ့သည်။

"တကယ် စားပြီးသွားတာလား...."

၂ယောက်ထဲကျန်ခဲ့သောအခြေအနေတွင်
င်္သချာကျောင်းသားကြီးသည်Platform ပေါ်
လက်တို့နောက်သို့ထောက်ကာထိုင်လိုက်ပြီး
အခရာ့အားဘေးတ်ိုက်ကြည့်လာကာမေးလာသည်။

"ပြီးပြီ မြတ်သူကဘာတွေသဘောကောင်းနေတယ်
မသိဘူး ဆိုင်ကယ်မှောက်ပြီးထဲက နေ့တိုင်းမနက်စာလုပ်
ပေးနေတာ..."

"မိုက်သား....မင်းလည်းအဝေးကြီးကပြောင်းလာရပေမယ့်
သူငယ်ချင်းကောင်းအချ်ိန်တိုလေးနဲ့ရတယ်..."

"ခင်ဗျား ဗိုက်ဆာရင် သွားလေ
ကျွန်တော်တော့မလိုက်တော့ဘူး...."

"မသွားချင်ဘူး"

"ဒါလား ပုတု ဆွဲတဲ့ ပုံက...."

အခရာ့လက်ထဲကပန်ချီးကားလေးအားကြည့်ကာ
မေးလာတော့ အခရာ့မျက်လုံးတွေလက်ခနဲ။
မင်းရဲရင့်ဘက်သို့ပုံကချက်ချင်းဆိုသလိုတိုးလိုက်ကာ

"ဟုတ်တယ်  အရမ်းလှတယ်တွေ့လား
ဟိုးက ရှုခင်းကိုသူကကြည့်ဆွဲတာလေ
ခင်ဗျားဒီမှာကြည့် အဆောင်လမ်းညွှန်းဆိုင်းဘုတ်လေး
တွေကအစအတိတကျပဲ လှတာဆိုတာထက်အသေးစိတ်တာ
ဘာရယ်မဟုတ်တဲ့ ခြစ်ရာလေးတွေက တကယ့်တကယ့်ကို
အနုပညာဖြစ်နေတာ....."

ကိုယ်ကတော့ တကယ်တူတဲ့ပုံတူ။လှပသေသပ်
သည်အထိသာတွေးတတ်ပေမယ့်အခရာကတော့
ဟုတ်မနေ။သွယ်လျလျလက်ညိုးလေးနဲ့သူအလွန်သဘောကျ
သောခြစ်ရာလေးတွေအားထိုးပြကာစိတ်ပါလက်ပါရှင်းပြလာ
သည်။ အနေစိမ်းသွားသည်ဟုခံစားရသောကောင်လေး
မစိမ်းနေပြန်တော့ ဖျက်ခနဲပြုံးသွားလိုက်မိသည်။

"အေး.....လှသား....."

"ဒါတောင် သူစိတ်အခြေအနေကကောင်းတာမဟုတ်ဘူး
အသဲကွဲရင်း ခြစ်ထားတာ စိတ်များသာကြည်ရင်
ဘယ်လောက်ရင်သက်ရှုမောစရာတွေဖြစ်လာမလဲမသိဘူး
ဆွဲထားတဲ့လူတွေကိုကြည့်စမ်းပါ အသက်ဝင်လွန်းတယ်
တွေ့လား...."

"အေးနော်.....မသိရင် လူတွေက ထကတော့မလိုပဲ..."

ဒိုင်းခနဲမော့ကြည့်လာသောခပ်စူးစူးမျက်လုံးတွေ။
အလွန်စူးရဲနေကာ မျက်ခုံးတန်း၂ခုတွန့်ချိုးသွားသည်က
အဆုံးအထိ။ သင်္ချာကျောင်းသားကြီးသည်ပြုံးနေရင်းက
မျက်နှာကိုအတည်အတံ့ဖြစ်အောင်မနည်းပြင်ဆင်လိုက်ရကာ

"ဘာလဲ....ဘာလို့ငါ့ကိုစိုက်ကြည့်နေတာလဲ
ငါပြောတာ ဘာမှားလို့လဲ....."

"မမှားဘူး ခင်ဗျားလိုလူကို စာပေနဲ့ပတ်သတ်တာ
ပန်းချီအနုပညာနဲ့ပတ်သတ်တာတွေကိုအမှတ်မရှိ
အရမ်းပြောပြချင်တဲ့ကျွန်တော်ကပဲအမြဲမှားတာ"

"မဟုတ်ဘူးလေကွာ....ငါမြင်တာကိုပြောတာလေ
ကဲ့ရဲ့တာ မလှဘူးပြောတာမှမဟုတ်ဘဲ...."

"ခင်ဗျားရွဲ့ပြောနေတာ ကျွန်တော်သိတယ်"

"ပိုင်လှချည်လား....ပေး ငါသေချာကြည့်ပြီး
အနုပညာဆန်ဆန် ဝေဖန်ပေးမယ်..."

"မကိုင်နဲ့ ! ပြန့်ပြန့်လေးစာအုပ်ကြားထဲညှပ်ပြီး
ယူသွားရမှာ ခေါက်ရင် ကျိုးရင် ထိရင်
ကျွန်တော် ရင်ကျိုးမှာ ခင်ဗျားလုံးဝမထိနဲ့...."

"ဟ!....."

လက်သည်အလွန်ရှက်သွားရသည်။
ပိုကဲနေသောကောင်လေးအားမကြည်မလင်ဖြင့်
မင်းရဲရင့်ကကြည့်လာသည်။

"လွန်လိုက်တာ....ငါကဖြဲပစ်မှာကျနေတာပဲ"

"လက်ဆောင်ရထားတာဗျ ကိုပုတုကကျွန်တော့်ကိုပေးသွားတာ
တန်ဖိုးထားရတယ် သူများဝါသနာ သူများအနုပညာကို။
စိတ်ရင်းနဲ့ကိုတကယ်ခင်မင်လို့ အလကားပေးသွားတာ
မေတ္တာတရားတွေ ခင်မင်မှုတွေ ဒီထဲအများကြီး..."

တစ်စုံတစ်ခုပေးရကျိုးနပ်တဲ့တန်ဖိုးထားမှုမျိုးတွေ။
ကိုယ်အဖျားအနားတောင်မသိတဲ့အနုပညာရပ်တွေ
အပေါ် ကိုယ်ပါ တန်ဖိုးသိလာအောင်သူကသူ့နယ်ပယ်ကို
ချစ်ပြတတ်ပုံတွေ။ ကဗျာနေနေ ပန်းချီနေနေ
လက်လွတ်စပယ် မထိရဲမပြောရဲအောင် ယုယတတ်ပုံက
အနုပညာနယ်ပယ်ကကျောင်းသားလေးပီပီသသ။

"အသိဓာတ်ပုံဆိုင်ရှိတယ် ဘောင်လေးလုပ်ပေးရမလား
ငါ့အမြင် မင်းအရမ်းကြိုက်နေတာနဲ့တူတယ်
ပုတုကဆွဲပေးတယ်ဆ်ို ငါကဘောင်ခတ်ပေးမှာပေါ့
ငါလက်ဆောင်ပေးမယ်ဒါမှ မင်းပန်းချီကားကိုကြည့်တိုင်း
ကိုကြီးရဲကြီးလို့ သတိရနေမှာ...."

"ဆွဲပေးတဲ့သူသတိရမှာပေါ့ ခင်ဗျားဘာကိစ္စ......"

"နံရံမှာချိတ်ပြီးကြည့်နိုင်ဖို့က ငါလုပ်ပေးတာလေ"

"ကျွန်တော် ပိုက်ဆံပေးမယ် အဲ့လိုလေးလုပ်တာ
အဆင်ပြေမယ်ထင်တယ်...."

"ညကျ သွားမယ်...ထွက်ခဲ့ ငါ့ကိုဘာညာ
အကြောင်းပြချက်တွေမပေးနဲ့ အပြင်အတူမသွားတာ
ဘယ်နှရက်ရှိနေပြီလဲ....."

"စာတွေမရသေးလို့ပါဗျာ....ကျွန်တော်အတန်းသွားတက်
တော့မယ် ခင်ဗျား ကန်တင်းသွားမှာမလား"

"ငါလည်းအတန်းတက်မှာ အတူတူသွားရအောင်"

အစကတော့ ကျောင်းထဲဆက်နေချင်စိတ်တောင်
မရှိတော့ပေမယ့် ခုတော့ အခရာနဲ့အတူစကားပြော
ရန်ဖြစ်လိုက်ရ၍ စိတ်အမောတွေဟာသက်သာသွား
ခဲ့ပြီး အတူတူလမ်းလျှောက်ကာ မေဂျာဆောင်ကိုယ်စီ
ကိုသွားချင်စိတ်ပေါ်လာခဲ့သည်။

ဘာမှအထွေအထူးမပြောတော့သောကောင်လေးသည်
ပန်းချီစာရွက်အားသေချာလေးညှပ်သိမ်းကာ
လွယ်အိတ်လေးလွယ်လျှက်ထရပ်တော့သူလည်းထရပ်ကာ
အဓိပတိလမ်းမကြီးပေါ်အတူတူလမ်းလျှောက်လာလျှက်
မေဂျာဆောင်တွေဆီဦးတည်ခဲ့ကြသည်။

"ခင်ဗျား မိန်းကလေးရော.....မတွေ့ပါလား"

"အတန်းတက်နေတယ်....."

"အော်......"

"ဘာလို့လဲ မင်းရော ငါနဲ့ငါ့ကောင်မလေးနဲ့ကို
ဘယ်လိုမြင်နေလို့လဲ...."

"ဘာမြင်ရမှာလဲ ရည်းစားတွေက ရည်းစားတွေလိုပဲ
မြင်တာပေါ့...."

"ဟိုနေ့က မင်းထွက်သွားပြီး ငါတို့ရန်ဖြစ်ကြသေးတယ်"

"ဘာဆန်းလဲ ဘယ်အတွဲကနေ့တိုင်းချစ်နေနိုင်မှာလဲ...."

"ငါပဲ အမြဲချော့ရတာ....."

"ယောကျ်ားလေးလေ ပြီးတော့ ခင်ဗျားချစ်တာလည်းပါတာပေါ့"

"အဲ့လိုဖြစ်မယ်....."

ပြောသမျှကို ခေါင်းငြိမ့်လက်ခံနေသော
မျက်နှာအား မသိမသာမော့ကြည့်တော့
မျက်လုံးအရောင်တွေသည်မှိန်ပျပျဖြင့်အဝေးကို
ငေးကြည့်နေလျှက်။ ဘာကြောင့်မှန်းတော့မသိ
မှိုင်သွားတော့ ဤခေါင်းစဉ်ကိုသူစကားဆက်မပြောချင်
တော့ပါ။ သူများRelationship ကိုလည်းစပ်စပ်စုစု
လိုက်၍မမေးချင်ပါ။

နားစွံနားဖျားကိုဝေယံတို့ထံမှကြားထားသည်များအရ
ဘာနေနေပြဿနာများသည်သူသူ့မိန်းကလေးအား
အလွန်ချစ်လို့ ဖြစ်နေနိုင်သည့်ကိစ္စတွေပဲမလို့
ကိုယ့်သေတွင်းတော့ကိုယ်မတူးနိုင်ပါ။

"ကျွန်တော်နေမကောင်းတုန်းကခင်ဗျား
လာလာပို့တဲ့ ခေါက်ဆွဲလေ အဲ့တာဆိုင်လိပ်စာလေး
ပြောပြပေးပါလားတောင်ကြီးကိုဘယ်လိုစိတ်နာတယ်ဆိုဆို
တစ်ချိန်လုံးစားခဲ့ရတဲ့ အရသာလေးပြန်စားရတော့
ထပ်စားချင်လို့... ဒေသအစားအစာတွေကိုကျွန်တော်
စိတ်မနာနိုင်နေဘူး"

"ဆိုင်ကဝယ်တာမဟုတ်ဘူး"

"ဟင်....ဒါဆို ဘယ်က....."

"ငါ့အိမ်ကိုလုပ်ခိုင်းတာ ငါ့အမေလုပ်ပေးတာ
မေကြီးက အချက်အပြုတ်မှာဆရာတဆူပဲ
ရှမ်းစာစစ်စစ် တောင်ကြီးကအတိုင်းနော်လို့
ပူဆာလို့ မေကြီးကိုယ်တိုင်ရဲ့ လက်ရာ
ငါက နေမကောင်းနေတဲ့သူကို ဘာလို့တွေ့ကရာ
ဆိုင်ကဟာ ဝယ်ပို့ပေးရမှာလဲ..."

".........."

"မင်း အိမ်လည်းမပြန်ဘူး အဖေလည်းအသိမပေးဘူး
အမေလည်းအနားရှိတာမဟုတ်ဘူး ငါလာမယ်ဆိုတော့
လည်းမဟုတ်ဘူး အဲ့တော့ အစားတော့ကောင်းကောင်း
ဝင်ဖို့လိုတယ်လေ"

ခံစားချက်ကိုဘယ်လိုမျ်ိုးပြောရမှန်းမသိ။
ဤလူဟာ ဘယ်လိုလူမှန်းလည်းမသိ။
အခရာသည် အင်အားအားလုံးစုပ်ယူခံလိုက်ရသလို
မောပန်းသွားသည်။

"ခုထပ်စားချင်ရင် အိမ်ဖုန်းဆက်လိုက်မယ်"

"မဆက်နဲ့!"

အလန့်တကြားထတားတော့သူကကြောင်အအကြည့်
လာသည်။

"အားမနာနဲ့ ငါ့အိမ်မှာ အိမ်အကူတင် အိမ်သားလောက်
ရှိတယ် ငါ့အမေကလည်း အဲ့တာမျိုးကိုစောင့်နေတာ
အရမ်းချက်ချင်တာ ပြော စားချင်တာ..."

"ကျွန်တော် မသိခဲ့လို့ သိရင်မစားပါဘူး
တစ်ခါတောင် သိသိတတ်တတ် သွားမတွေ့နိုင်သေးဘဲ
လူကြီးတစ်ယောက် ပင်ပင်ပန်းပန်းလုပ်ထားတာကို
ဘယ်လိုစိတ်နဲ့စားရမှာလဲ အားနာလိုက်တာဆိုတာ
ခင်ဗျား လူကြီးကို တော်တော်ဒုက္ခပေးခဲ့တာပဲဗျ!"

ဆက်တိုက်အော်ဟစ်လိုက်တော့ သူအနည်းငယ်
ကြေင်အအပုံစံဖြင့် အခရာ့ကိုငုံ့ကြည့်လာသည်။

"အဲ့လောက်ကြီးတော့မဆူနဲ့လေကွာ
ပုတု ပုံလေးတစ်ပုံပေးတာကျ
မင်းက မေတ္တာပါ ခင်မင်မှုပါလို့ ရင်ခွင်ထဲပိုက်ထားပြီး
အရသာစစ်စစ်ရအောင် အမေ့ကို ငါအထွန့်တစ်ခါ
တက်တိုင်း တံမြက်စည်းနဲ့လိုက်ရိုက်ခံပြီး
ရလာတဲ့ ရှမ်းစာလေးတွေကျ ဒုက္ခတွေတဲ့လား
ငါလည်း မေတ္တာတွေပါပါတယ် လွမ်းအခရာ ရာ
ပုတုလို အမြင်မလှလို့သာ....."

"မဟုတ်ဘူးလေဗျာ....ကျွန်တော်ပြောချင်တာက...."

"မင်းက မင်းလူတွေပဲ...ငါဆို အရေးအရာတစ်ခါမှမသွင်းဘူး
ငါပေးတာတွေဆို တစ်ခါအကောင်းမမြင်ဘူး
မင်းမေဂျာရောက်ပြီ သွားတော့ ငါလည်းသွားပြီ...."

လျှောက်လာရင်း Chemistry ဆောင်ရှေ့ရောက်
ပြီမို့ သင်္ချာကျောင်းသားကြီးသည် အခရာ့အား
ခပ်ပြတ်ပြတ်နှုတ်ဆက်ကာ အလွန်စိတ်ညစ်နွမ်း
သွားသောမျက်နှာဖြင့် င်္သချာဆောင်ဆီခပ်မြန်မြန်
ဆက်သွားတော့  အခရာသည် မကျန်ခဲ့ပါ။

"ဟေ့လူ ဟေ့လူ....!"

သူ့စေတနာကိုစော်ကားတာမျိုးမဟုတ်
အပြစ်တင်တာမဟုတ် အကောင်းမမြင်တာ
မဟုတ်ကြောင်း မရှင်းပြတတ်တဲ့အခါ
စိတ်ခုသွားသူနောက်ပြေးလိုက်ရတော့သည်။

"ဟေ့လူ!!...."

သင်္ချာဆောင်ထဲအထိပြေးလိုက်ကာ
လွယ်အိတ်ကိုဆောင့်ဆွဲလိုက်တော့
ပြန်လှည့်လာသောမျက်နှာသည်ပြုံးပြုံးကြီး။

အခရာသည် မျက်မှောင်တို့ချက်ချင်းဆိုသလို
တွန့်ချိုးသွားပြီး အင်္ကျီစကိုဆောင့်ဆွဲကာ
လက်သီးတစ်ဖက်မြောက်တက်လာတော့သည်။

"မင်းကများ သင်္ချာဆောင်လာပြီး သင်္ချာကျောင်းသားကို....."

မင်းရဲရင့်သည် ဆုပ်ထားသောလက်သီးဆုပ်
အား သူ့မျက်နှာနားမှဆက်ခနဲဖယ်လိုက်ကာ
အခရာ့လက်နှစ်ဖက်ကိုမြန်ဆန်စွာလက်တစ်ဖက်ထဲ
နှင့်ဖမ်းချူပ်ထားလိုက်ပြီးသူ့ဘက်သို့
ခပ်ကြမ်းကြမ်းဆွဲယူလိုက်ကာနဖူးပြေပြေလေးအား
ဖြန်းခနဲ ရိုက်ချလိုက်သည်။

"ဟေ့လူ!!!!"

ဒေါသထွက်သွားသော အခရာ့ပုံစံတွင်
သဘောတကျရယ်မောသွားသောမျက်နှာ။
လှလှပပပေါ်ထွက်လာသော သွားစွယ်လေးတွေ။
တောက်ပနေသောမျက်ဝန်းတွေနဲ့ လွတ်လပ်သော
ရယ်သံများသည် သင်္ချာဆောင်ထဲ ပျံ့လွင့်သွားသည်။

အားနည်းချက်ဟာ ဤအပြုံးတွေ
အားနည်းချက်ဟာ သွားစွယ်လှလှလေးတွေ
အားနည်းချက်ဟာ လွတ်လပ်သောရယ်မောသံတွေမလို့
အခရာဟာ ဒေါသမျက်လုံးတွေမှတဆင့်
ဆွေးမြေ့ခြင်းမျက်လုံးတွေဆီ တဖြေးဖြေးပြောင်းလဲ
သွားခဲ့သည်။

"ရဲကြီး ရေ တီချယ်ဝင်ပြီ!!!!"

"သွားပြီနော် ညကျတွေ့မယ်နော် ငါဖုန်းဆက်လိုက်မယ်
နော်....နော်...နော်...."

လှမ်းအော်လိုက်သောသူဇာအသံကြောင့်
ရယ်မောနေသူသည် အခရာ့အား
ပြောစရာရှိတာများပြောပြီးသည့်နောက်
စာသင်ခန်းထဲသို့ပြေးဝင်သွားခဲ့တော့သည်။

အခရာသည်သူ့လို ပျော်ရွှင်တက်ကြွသောခြေလှမ်းတွေဖြင့်
စာသင်ခန်းဆီမသွားနိုင် လေးလံတွေဝေသော
ခြေလှမ်းတွေဖြင့်သာ ဓာတုဗေဒဆောင်ဆီ
ပြန်လှည့်လျှောက်ခဲ့လာရသည်။

မရှောင်နိုင်ရင် မရှောင်နိုင်သလောက်
စိတ်ကို အပွန်းအပဲ့များစေတဲ့သူ....။
လူဆိုးကြီးဖြစ်လို့လားဆိုတော့လည်း
သူ့စိတ်ရင်း သူ့စေတနာ သူ့ခင်မင်မှုကြိုးများသည်
စက္ကူပန်းတွေကဲ့သို့ အနံ့မရှိပေမယ့် ပွင့်ချပ်တွေက
အလွန်လှစွာ သူလည်းမည့်သည့်စိတ်အရောင်မရှိဘဲ
ရိုးရှင်းသောမေတ္တာရောင်ပွင့်ချပ်လေးတွေသည်
လှပလွန်းနေခဲ့သည်။

_________။

အတန်းပြီးသွား၍ နောက်တစ်ချိန်Tutorial ကိုစောင့်
နေကြသောအချိန်များသည်အတန်းထဲသောင်းကျန်း၍
အကောင်းဆုံးအချိန်များဖြစ်သည်။တစ်ယောက်ကို
တစ်ယောက်စကာနောက်ကာဖြင့်တစ်တန်းလုံးသည်
ဆူညံပွက်လောရိုက်နေကြသည်။

"ငါပြောမယ် ပွကြီး မင်း ပြတင်းပေါက်မှာသွားဆွေးနေ....
ငါက မင်းခြေထောက်ကနေတဖြေးဖြေးရိုက်မယ်
လုံးဝ ဆွေးဆွေးလေးနော်...."

"ဖြိုးလေး မင်းက မင်းသမီးဆိုတော့
ကိုယ့်ချစ်သူက ကိုယ့်ကိုသစ္စာဖောက်လို့စိတ်တအားဆိုးပြီး
ပါးကိုပြေးရိုက်မှာနော်...."

"အေး....."

"အေး ဟုတ်ပြီ သေချာလုပ်...."

"ဟဲ့ ဟဲ့ နင်တို့ဖယ်စမ်း ရိုက်ကွင်းထဲပါနေတယ်
သွားကြ..."

"နင်တို့တွေကျောင်းလာမတက်တာပဲအေးတယ်
ဗရုတ်သုတ်ခကောင်တွေ..."

"ဒါရိုက်တာကို မလေးမစား သွားကြမြန်မြန်"

ကျောင်းသူအုပ်စုတစ်စုသည် ပြောဆိုကာ
နေရာဖယ်ပေးလိုက်ကြရသည်။

" Ok ကဒ်!!!!..."

စသည်နှင့်ဖြိုးလေးသည် အင်္ကျီတစ်ထည်အား
ဆံပင်တုသဏ္ဍာန်လုပ်ကာ ပွကြီးထံဒေါသတကြီး
လျှောက်လာပြီး ခါးကိုထောက်ကာ

"သစ္စာဖောက် ငါနင့်ကိုမုန်းတယ်"

ဖြောင်းးးးး။

ပါးတစ်ဖက်အားတကယ်ကြီးအစစ်အမှန်ဖြန်းခနဲရိုက်ချလိုက်
သည့်အခါ ပွကြီး၏မျက်လုံးသည်အစွမ်းကုန်ပြူးထွက်
သွားကာ ပါးသည်မီးပွင့်သွားမတတ်။

"ခွေးကောင်!!!တကယ်ကြီးရိုက်ရလား သေချင်းဆိုးရဲ့!!!"

"အလှမှမရိုက်တတ်တာ...."

"ကဒ် ကဒ် ကဒ် !!!!!
ပွကြီး မင်းဒီလိုစိတ်နဲ့မင်းသားလုပ်လို့မရဘူးကွ
ချိန်ဆထားတာတွေ ကုန်ပြီကွာ..."

"လာ အဲ့တာဆို မင်း မင်းသားလာလုပ် ငါရိုက်မယ်
လာခဲ့စမ်း မင်းရဲရင့်...."

"ငါ့ရုပ်ရည်နဲ့ မဖြစ်နိုင်ပါဘူးကွာ...ဟီးးး ဟီးးးး"

"ငါမပါတော့ဘူး မင်းတို့ကောင်တွေ
အောက်တန်းကျလွန်းတယ်"

၃ယောက်ထဲတင်မက တစ်တန်းလုံးသူတို့၃ယောက်အား
တခွီခွီကြည့်ကာရယ်နေကြရပြီး ဗရုတ်ကျနေခြင်းများ
ရပ်သွားကာ မင်းရဲရင့်နှင့်ဖြိုးလေးသည်
အတန်းထဲ လောကကြီးနဲ့အဆက်အသွယ်ပြတ်နေတတ်သော
စာဂျပိုးမလေးတွေစုထိုင်နေသည့်ခုံတွင်ကြုံသလိုဝင်
ထိုင်လိုက်ကြသည်။

ကောင်မလေးတွေသည် ဖုန်းတစ်လုံးကိုဝိုင်းစု
ကြည့်နေကြပြီး သူလာထိုင်သည်ကိုအာရုံတစ်ယောက်မှပင်
မရနေကြပါ။

"အရမ်းချောတာပဲ....နင့်Crush ကြီးက ..."

"Crush ရုံပဲ ရတော့မှာပါ သူက သူ့မေဂျာက
ကောင်မလေးနဲ့ ဘာလိုလိုတဲ့ သူတို့တစ်မေဂျာလုံးသိတယ်
အသဲကိုကွဲနေရော...."

"ဘယ်သူလဲ တေဇသူက ဘယ်သူ့ကိုကြိုက်တာလဲ"

"နွေလေ....နွေ ဆိုတာသိတယ်မလား..."

ဘာရယ်မဟုတ်နားထဲဖြတ်ဝင်လာသောအမည်နာမ
ကြောင့် ဗရုတ်ကျရယ်မောနေသောမျက်နှာသည်
လုံးဝပျက်ယွင်းသွားကာ ပြောနေသောကောင်မလေး
အားအလန့်တကြားသူကြည့်မိလိုက်သည်။
ဖြိုးလေးသည်လည်းကြောင်အသွားကာ
မင်းရဲရင့်အားကြည့်လာသည်။

"မသိရအောင်....တစ်ကျောင်းလုံးမသိသူမရှိကို
ဖြစ်သင့်ပါတယ် သူတို့ အချင်းချင်းပဲကြိုက်ကြ
ရွေးကြမှာပေါ့ လိုက်ပါတယ်ဟာ..."

"လိုက်တာတော့ပြောမနေနဲ့ တစ်ခါတစ်ခါတွဲတွဲ
ထွက်လာရင် အကုန်ငေးရတာပဲ ကြားမိတာ
တေဇသူက အတော်ချစ်တာတဲ့ လိုက်နေတာလဲ
ကြာပြီထင် တချို့ကလည်း NewLight မှာ
တစ်ခါတလေထိုင်နေလို့ ချစ်နေကြပြီလို့ပြောကြတယ်"

"ကြိုက်နေကြတာသေချာသလောက်ပါပဲ
တစ်ခါတလေအတန်းထဲ
အတူတူထိုင်ကြတယ် အမြဲတမ်းနွေ့လက်ထဲ
တေဇသူပေးတဲ့ လက်ဆောင်တွေနဲ့အပြည့်ပဲ"

အသက်ရှု၍မရတော့တဲ့ ခံစားမှု။
အလွန်မောဟိုက်သွားကာ ဤခံစားချက်သည်
ဘယ်တော့မှ၂ခါပြန်ခံစားဖို့ဘယ်သူ့မှစဉ်းစားချင်
မှာမဟုတ်သည့် ဆိုးဆိုးဝါးဝါး အခိုက်အတန့်မျိုးဖြစ်လိမ့်မည်။
သူနှင့်နွေ ပတ်သတ်ခဲ့သမျှကာလပတ်လုံးမှာ
သူတစ်ခါလေးမှ မတွေးရက်ခဲ့သော မတွေးမိခဲ့ဖူးသော
အကြောင်းအရာသည် မမျှော်လင့်စွာရုတ်တရက်
ကြားခဲ့ရသည်မို့ မင်းရဲရင့်၏မျက်နှာသည်
သွေးရောင်မဲ့သွားသည်။

"ပေးစမ်း....."

စိတ်လှုပ်ရှားစွာအတန်းဖော်ကောင်မလေး
ကြည့်နေသောဖုန်းကိုဆွဲလုသလိုယူလိုက်တော့
ကောင်မလေးအုပ်စုသည် သူ့ကိုပြူးကြောင်ကြောင်
ဖြင့်ကြည့်လာကြသည်။

ဖုန်းထဲမြင်လိုက်ရသည်က အမြင်မမှားနိုင်သော
သူနှင့် မျက်နှာချင်းဆိုင်၍ပင်မရသော
ကားတစ်စီးဖြင့်အမြဲမောက်မာရိုင်းစိုင်းနေတတ်သောကောင်။
သူလုံးဝကြည့်မရစွာမြင်တာနှင့်ဆက်တိုက်ပြေးထိုး
ချင်စိတ်ကိုဖြစ်စေသည့် မျက်နှာဖြစ်နေသည်။
ဘယ်လိုတိုက်ဆိုင်မှုမျိုးလဲဟုတွေးမိကာ
နွေ ဘာလုပ်ခဲ့တာလို့ စိတ်ထဲအော်ဟစ်၍
မေးမိသွားသည်။

ဖြိုးလေးသည် မင်းရဲရင့်လက်ထဲမှဖုန်းအား
အသာအယာယူလိုက်ကာကောင်မလေးအားပြန်
ပေးလိုက်ပြီး

"နင်တို့ သေချာ ရေရေရာရာမသိဘဲ
သူများအကြောင်းတွေကို ပေါက်ကရမပြောကြနဲ့
ထိန်းသိမ်းပြီးပြောမှပေါ့...."

"ဟဲ့ အင်္ဂလိပ်စာတစ်မေဂျာလုံးအကုန်သိနေတာ
ဒီဘက်ကလူတွေတောင် တွေ့မိတဲ့သူရှိတာ
ငါတို့က ဘာကိုပေါက်ကရပြောရမှာလဲ
နင်တို့နဲ့ သူတို့နဲ့က ဘာဆိုင်လို့ လာနာနေတာလဲ"

အံကြိတ်သံတစ်ချက်ကြားပြီးနောက်
မင်းရဲရင့်သည် စာရေးခုံအားလက်သီးဖြင့်
ခပ်ပြင်းပြင်းတစ်ချက်ထုကာ စာသင်ခန်းအပြင်သို့
ဝုန်းဒိုင်းဖြင့်ထွက်သွားခဲ့သည်။

ဖြိုးလေးနှင့်ပွကြီးသည် စိုးရိမ်တကြီးပြေးလိုက်
သွားကြကာ သူသည်ကျောင်းလှေကားတွေအတိုင်း
ဆင်းပြေးပြီး အင်္ဂလိပ်စာဆောင်ဆီသို့ပုဆိုးကို
ခပ်တိုတိုပြင်စည်းလျှက်အပြေးတပိုင်းသွားနေသည်။

"ဟေ့ကောင် ဟေ့ကောင် ရဲကြီး
အပြင်ကိုချိန်းလိုက် နွေ့ ကို အပြင်ကိုချိန်းလိုက်ပြီးမေး
အဲ့လိုသွားလုပ်လို့ အဆင်မပြေဘူး
သူတို့တွေပြောတာ ဟုတ်ချင်မှဟုတ်မှာလေ
တစ်ဖက်က လိုက်နေတာမျိုးလည်းဖြစ်နိုင်တာပဲ
မင်း အရမ်းလှတဲ့ကောင်မလေးကိုကြိုက်ထားရင်
ဒါမျိူးတွေက ကြုံရမှာ....ဟေ့ကောင် စိတ်ကိုထိန်းစမ်းပါ"

ခက်ခက်ခဲခဲသူငယ်ချင်းကိုဝိုင်းဆွဲလျှက်
တရားပြသော်လည်း မင်းရဲရင့်၏ဒေါသသည်
မျက်နှာတစ်ခုလုံးပေါက်ထွက်တော့မလိုနီမြန်းနေပြီ။

"တကယ်လို့ ဟုတ်နေရင်လည်း အရှက်ကွဲမှာက နွေပဲ
မင်းတို့က ယောကျ်ားလေးတွေ ....."

"ဟုတ်စရာလား!!!!!"

သူကလေးထဲကသိကျွမ်းလာခဲ့သောကလေးမလေး။
ဖြူစင်ပြီး သူ့အပေါ်အနိုင်ယူတာ ဗိုလ်ကျတာလွဲ
နွေက ဒီလို ခိုးကြောင်ခိုးဝှက်နဲ့ မျက်နှာပြောင်တိုက်တတ်တဲ့
သူမဟုတ်။ သူ့ကစားဖော် သူ့မိန်းကလေးသူငယ်ချင််း
သူ့ကောင်မလေးအကြောင်းသူသိပါသည်။

အင်္ဂလိပ်စာမေဂျာသို့ရောက်တဲ့အခါ
ဒုတိယနှစ်တွေ အတန်းမရှိနေပါ။ အတန်းထဲ
လူတစ်ယောက်စနှစ်ယောက်စသာတွေ့ရပြီး
မင်းရဲရင့်သည် Eမေဂျာဆောင်၏ကျောင်းဆောင်လှေကား
ထစ်တွင်ထိုင်ကာဖုန်းတွေဆက်တိုက်ခေါ်ကာ
Msgတွေဆက်တ်ိုက်ပို့နေခဲ့သည်။

____________။

"တို့တွေတစ်ဖက်ကမ်းကူးပြီး လက်ဖက်သုတ်
သွားစားကြရအောင်....လာကြ လာကြ"

ညနေစောင်းအချိန်တွင်အားလုံးချိန်းထားသည့်
အတိုင်းသူတို့အပြင်ကိုထွက်ခဲ့ကြသည်။အခရာနှင့်
မြတ်သူပါ နေ့တိုင်းငြင်းမရတော့၍ပါလာရပြီး
ဦးပါရဲမြစ်ကမ်းဘောင်ပေါ် အတူတူရှိနေကြသည်။
ဖြိုးလေးသည် တစ်ဖက်ကမ်းကိုကူးရန်ဦးဆောင်နေလျှက်။

သတိထားမိသည်က င်္သချာတစ်အုပ်စုလုံးသည်ယခုညနေတွငါ
မျက်နှာကောင်းမနေကြပါ။အထူးသဖြင့်မနက်ကမှ
ရယ်မောပျော်ရွှင်လျှက်ကျောင်းသွားတက်ခဲ့သော
လူဖြစ်နေပြီး အခရာသည် ဘာဖြစ်နေတာလဲဟု
မေးဖို့အထိ မမေးရဲအောင် မျက်နှာအခြေအနေ
မကောင်းနေ။

"သွားနှင့်ကြ ငါ နွေရောက်နေလို့ ကန်ဘောင်မှာ
သွားစကားပြောလိုက်ဦးမယ်....တံတားကိုဂရုစိုက်ကူးကြ"

ကန်ဘောင်ကခုံတန်းဆီလှမ်းကြည့်လိုက်တဲ့အခါ
နွဲ့နှောင်းနေသည့်ပုံရိပ်ကိုအခရာလှမ်းမြင်လိုက်ရသည်။
သဘာဝတကျဖြစ်ရပ်တွေမို့ အထွေအထူးမပြောနေတော့
ဘဲ ဦးဆုံးသူ့ရှေ့မှထွက်ခွါလာခဲ့ကာတံတားလေးမှ
တဆင့်သာယာသောတစ်ဖက်ကမ်းရှိလက်ဖက်သုတ်ဆိုင်
ဆီဦးတည်လိုက်သည်။

မင်းရဲရင့်သည် သူငယ်ချင်းအားလုံးတစ်ဖက်ရောက်
သွားပြီးမှ ခုံတန်းဆီပြန်တက်လာကာ ထိုင်နေသော
မကြည်မလင်ဖြစ်တည်မှုဆီဦးတည်လိုက်သည်။

"နင် တစ်နေကုန် ဘယ်ရောက်နေတာလဲ နွေ...."

ခုံတန်းတွင်ဝင်မထိုင် မျက်နှာတည့်တည့်ကာ
မတ်တပ်ရပ်လျှငိမျက်နှာချင်းဆိုင်မေးလာတော့
သူမကလည်းမင်းရဲရင့်အားတည့်တည့်ပဲပြန်ကြည့်လာကာ

"ငါ့သူငယ်ချင်းအဆောင်မှာ စာကျက်နေတာ"

"ငါ့Missed Call တွေ Msgတွေကို မမြင်ဘူးလား"

"စိတ်ရှုပ်လို့....ဒီလောက်စာမေးပွဲနီးနေတာ နင်ပြဿနာ
တွေလုပ်ဖို့အားနေသေးတာလား ရဲရင့်...."

"ငါ ဒဲ့ပဲမေးမယ် တေဇသူက ဘယ်ကကောင်လဲ"

ယုံကြည်မှုရှိရှိဒဲ့ကြည့်နေသောသူမမျက်လုံးတွေသည်
ချက်ချင်းယောက်ယက်ခတ်သွားခဲ့သည်။

"ဘာဖြစ်လို့လဲ....."

"ဘာဖြစ်လို့လဲ ဟုတ်လား နင်နဲ့သောက်ပေါက်ကရ
သတင်းတွေငါကြားလာရလို့ မေးနေတာလေ
ဘာကောင်လဲ နင်ဘာတွေငါ့နောက်ကွယ်မှာ
မဟုတ်တာလုပ်နေတာလဲလို့!!!"

နောက်စရာမဟုတ်သောမင်းရဲရင့်၏ဒေါသကို
သူမငယ်ငယ်လေးထဲကအနည်းငယ်တော့လန့်ပါ၏။
ရုတ်တရက်မေးလာသောမထင်မှတ်ထားသော
ဒေါသအပြည့်နှင့်မေးခွန်းတွင်နွေသည်ကြောက်လန့်သွားဟန်။

"ဘာမှမလုပ်ဘူး....ငါ ဘာမှမလုပ်ဘူး...."

"ငါနင့်ကို နင်နေချင်တဲ့ပုံစံအတိုင်းထားခဲ့တာ
နွားဘဝကို ပျော်နေလွန်းလို့မဟုတ်ဘူး
နင် သက်တောင့်သက်သာရှိဖို့ ငါထားခဲ့တာ
ခွေးဇာတ်ခင်းဖို့မဟုတ်ဘူးနော် နွေ...."

"နင်မရိုင်းနဲ့!!!!"

"ဟုတ်လား မဟုတ်ဘူးလား ငါ့မျက်နှာကိုတည့်တည့်
ကြည့်ပြီး ဖြေ.....လိမ်ရင် နင်ရော အဲ့ကောင်ရောကို
တစစီ ငါချိုးချေပစ်မယ်..."

ဆက်ခနဲ မျက်နှာချင်းနီးလိုက်ကာ မျက်လုံးတွေထဲကို
စူးစူးရဲရဲကြည့်ကာမေးတော့ နွေသည် မသိမသာ
နောက်သို့အနည်းငယ်ဆုတ်မိသွားကာ

"မဟုတ်ဘူး....ငါသူနဲ့...ဘာမှ.....မပတ်သတ်ဘူး"

နွေသည် တစ်ဦးတည်းသောသမီးမလို့
အနည်းဆိုးတတ်တာကလွဲ သူထင်သည့်အတိုင်း
သူ့အပေါ်မဟုတ်တာတော့မလုပ်ခဲ့ပါ။
မင်းရဲရင့်ရေ ယုံသလားမေးရင် ယုံတယ်။
ဘာလို့ဆို နှစ်ပေါင်းများစွာသံယောဇဉ်တွေက
ယုံကြည်မှုတွေကို အထပ်ထပ်ပေးနေခဲ့တယ်။

အဖြေကိုကြားပြီးနောက်ခေတ္တတိတ်ဆိတ်သွားကာ
မင်းရဲရင့်သည်နွေ့မျက်နှာနားမှပြန်ခွါသွားခဲ့သည်။

"မပတ်သတ်ဘူးဆိုရင် လူပြောစရာဖြစ်အောင်နင်မနေနဲ့...
နင့် အကြောင်း ငါကြားရတာ စိတ်ပျက်စရာတွေချည်းပဲ"

"စိတ်ပျက်ရင် ပြတ်လိုက်လေ....."

"ဘာ....."

"ဒီလောက် အဆင်မပြေဖြစ်နေတာ နင်ကြိုက်တာ
လုပ်လို့ရတယ် သည်းခံပြီးတွဲနေစရာမလိုတော့ဘူး
ငါနင့်ကိုအပြစ်မတင်ဘူး...."

ပျော်စရာတော့ကောင်းမနေပါဘူး။
Toxic Relationship လို့ခေါတ်အရသတ်မှတ်ကြတဲ့
ဤဆက်ဆံရေးဟာ နေ့တိုင်းသူကချည်းပူလောင်
ပျက်ဆီးခဲ့ရတာ။ ဒါပေမယ့် အေးတိအေးစက်ဖြင့်
ခပ်ပေါ့ပေါ့ လမ်းခွဲစကားကိုပြောလာတဲ့သူက သူမ။

"ငါမေးတာကို နင်ကစိတ်ဆိုးတာလား
ငါ့အနေနဲ့ နင့်ကိုအဲ့လောက်တောင်မေးပိုင်ခွင့်မရှိဘူးလား
ငါက ငါက အဲ့လောက်တောင်မှ နင်နဲ့ဆက်ဆံရေးမှာ
စုတ်ပြတ်သတ်နေပြီလား ...."

"ဒီလောက် စိတ်ညစ်နေရတာ နင်ဘာလို့
မရပ်တန့်ချင်ရတာလဲ ရဲရင့်"

"နင်ပြောင်းလဲရင်ရတယ်လေ စိတ်ညစ်နေကြရတာ
နင်အချိုးမပြေလို့လေ....မနက်ဖြန် ငါနင့်မေဂျာကိုလာမှာ"

"မလာနဲ့...ငါကျောင်းမလာဘူး ငါ့ဘက်ကသဘောထား
ကိုနင့်ကိုပြောပြီးပြီ နင့်ဘက်ကကိစ္စကနင့်အကြောင်း
ငါ့အိမ်ကဖုန်းဆက်နေပြီ ပြန်တော့မယ်..."

"နွေ ငါ့ကို နင် အဲ့လိုလုပ်လို့မရဘူး
ငါတစ်သက်လုံးပေးခဲ့တဲ့နင့်အပေါ်စစ်မှန်တဲ့
အရာရာတိုင်းကို နင်ခုလို ပေါ့တိပေါ့ပျက်စကားနဲ့
စော်ကားလို့မရဘူး!!!"

" လုပ်သင့်လုပ်ထိုက်တာကိုပြောပြတာ
တစ်ယောက်ကို တစ်ယောက် ဒီလောက် ထိုးနှက်
အဆင်မပြေနေတာ ဘာလို့ ဆက်ထိန်းထားဦးမှာလဲ!!!"

"ငါသွားပြီ......"

"နွေ!!!...."

လက်ကိုလှမ်းဆွဲလိုက်သော်လည်းမမှီတော့။
မထင်မှတ်စွာလုံးဝစ်ိတ်ကို ကန်ကျောက်သွားသောသူမသည်
တကယ်ကိုအရွယ်ရောက်သွားခဲ့သောနွေဖြစ်သည်။

တစ်ယောက်ထဲကျန်ခဲ့ရသောအခြေအနေမှာ
တွေ့ရာနေရာထိုင်ချလိုက်ပြီးမှောင်ရိပ်များလာသည့်
အောက်စီးကရက်ကိုသာထုတ်ကာစိတ်လှုပ်ရှားနေမှု
များအားငြိမ်အောင်သောက်နေသော်လည်းလက်တွေသည်
လှုပ်ခတ်နေသည်။

၄နှစ်အတွင်းမှာ ပထမဆုံးကြားဖူးလာတဲ့စကား။
ပေါ့တ်ိပေါ့ပျက်ဆန်စွာ မသိရင်လေးရက်တာမျှ
ပတ်သတ်ခဲ့ဖူးတဲ့လူတွေလိုတင်စီးသွားမှုက
နာကျင်ရခြင်းအတိပြီးနေပါသည်။

မိနစ်ပေါင်းများစွာ နာကျင်ဝမ်းနည်းမှုများဖြင့်
သူမနှင့်ပတ်သတ်ပြီးစိတ်ကိုလွတ်ထွက်မသွားအောင်
ထိန်းရတာတွေသည်နှစ်ချီနေပြီမို့ စိတ်၏ခံနိုင်ရည်အား
သည်ကျိူးကြေနေပြီဖြစ်သည်။

မိနစ်ပေါင်းများစွာဆေးလိပ်ထိုင်သောက်နေပြီး
စိတ်ကိုငြိမ်အောင်ကြိုးစားနေတုန်းတွင် သူငယ်ချင်း
တွေသည် သူ့ဆီပြန်လာကြပြီဖြစ်သည်။

စီးကရက်နှင့်အမှောင်ထဲကပုံရိပ်ကိုတွေ့တဲ့အခါ
ဖြိုးလေးနှင့်ဝေယံသည်သူငယ်ချင်းထံစိုးရိမ်တကြီး
ပြေးသွားကြသည်။

"ရဲကြီး ဘာဖြစ်တာလဲ မင်း...အဆင်ပြေ....."

"အကင်သွားဝယ်ပေး...ပွကြီး သွား အကင်သွားဝယ်ပေးကြ
ငါ ခဏ နေရင် လိုက်လာခဲ့မယ်...."

မေးလာမည့်မေးခွန်းတွေကိုပိတ်ချကာ
တစ်ဖက်လှည့်နှင့်နှင်ထုတ်လာသော
သူငယ်ချင်းကိုသူတို့တွေလည်းဖိအားမပေးချင်။
ပုံစံသည် အလွန်အဆင်မပြေနေမှန်းသိသာနေတာမလို့
ဘာမှအနှောက်အယှက်မပေးတော့ဘဲ နှုတ်တွေဆ်ိတ်
လိုက်ကြကာ အကင်ဆိုင်ဘက်တွေဆီ
ထွက်သွားပေးလိုက်ကြသည်။

တစ်ယောက်မှမရှိတော့တဲ့အခြေအနေတွင်
ကြယ်တွေကိုမော့ကြည့်ကာ စီးကရက်ကိုဆက်
ဖွာတော့ သူထင်တာမှားစွာ တစ်ယောက်ယောက်က
ဘေးတွင်ထိုင်လာခဲ့သည်။ဖျက်ခနဲကြည့်လိုက်တော့
ကြည်လင်နေသောမျက်ဝန်းအိမ်တွေဖြင့်ကောင်လေး
ဖြစ်နေသည်။

"ဒီည ကြယ်တွေ သိပ်မစုံဘူးပဲ...."

"အင်း....ဟုတ်တယ်"

အက်ရှရှအသံဖြင့်စီးကရက်ဖွာရင်းပြန်ဖြေလာသူသည်
ကောင်းကင်ကြီးအားမော့ကြည့်နေလျှက်။

"အဆင်ပြေသွားမှာဗျာ....အေးဆေးပေါ့"

ကိုဖြိုးလေးထံမှသိရသောအကြောင်းအရာများအရ
နှစ်ယောက်ကြားကဆက်ဆံရေးအပေါ်ဘာမှမေးချင်
စိတ်မရှိ။ကိုယ်နှင့်လည်းမဆိုင်၍ ကျောပြင်ကို
ပုတ်ကာ အားပေးခြင်းဖြင့်သာ အခရာက ဆိုင်ခဲ့သည်။

"ငါဒီပူလောင်မှုတွေကို
ဆုပ်ကိုင်ထားခဲ့ရတာတစ်ရက်နှစ်ရက်မဟုတ်ဘူး
ခံပြင်းပြီးနာကျင်ရလည်း ဝမ်းနည်းပြီးဒေါသတွေ
ထွက်ခဲ့ရလည်း ပျော်စရာတွေကုန်ခမ်းသွားတာ
ကြာပြီဆိုလည်း ၄နှစ်တောင်ကွာ....သံယောဇဉ်ကလည်း
နှစ်ဆယ်ချီနေတာ.....ငါတို့ပူလောင်လွန်းနေပေမယ့်
အမှတ်တရတွေ ရှိခဲ့ဖူးတဲ့အခိုက်အတန့်တွေက
မပူလောင်နေတော့ ငါဆွဲနိုင်သလောက်ဆွဲထားတာ
ငါ့လက်တွေ....ငါ့စိတ်တွေ ...ရစရာမရှိအောင်
စုတ်ပြတ်သတ်နေပြီအခရာ......"

"ခင်ဗျား ငိုချင်လည်း ငိုချလိုက်ရတယ်
ကျွန်တော်က ခင်ဗျားကို ဝေဖန်ကဲ့ရဲ့မယ့်သူမဟုတ်ဘူး
ဆိုတာ ခင်ဗျားသိတယ်မလား..."

"ငိုစရာလား...ငါမနက်ဖြန် ဟိုခွေးကောင်ကို
သွားစာရင်းရှင်းဦးမှာ.....ငိုစရာဘာသောက်ကြောင်းမှမရှိဘူး"

လောင်မြိုက်မှုတွေနဲ့ မာန်တင်းထားသော
မေးရိုးတွေသည်ပြတ်ရှနေပြီး မနိုင်မနင်းသော
အဆိပ်အတောက်အချစ်ဦးကပေးသောဒဏ်ရာများ
နှင့် မောပန်း မွန်းကျပ် နေသော ဘေးတိုက်မျက်နှာ
ကို အခရာသည် အမှောင်ထုထဲ စက္ကန့်တချို့ကြာ
ငေးစိုက်ပြီးနောက် ကြယ်တွေမစုံနေသောကောင်ကင်း
ကြီးဆီပြန်ငေးကြည့်လိုက်သည်။

ညသည် ကြေကွဲနာကျင်ခြင်းများဖြင့်....။

___။

Bạn đang đọc truyện trên: AzTruyen.Top