အပိုင်း(၁၉)

၂၀၁၄ခုနှစ် မတ်လ။

ဝမ်းနည်းကြေကွဲမှုကိုနာကျင်မှုအဖြစ်ပြောင်းပြီး
မိုက်ရူးရဲဆန်မိခဲ့တဲ့ ဒဏ်ရာ ဒဏ်ချက်တွေသည်
ရက်အနည်းငယ်အကြာတွင်တော့သက်သာလာခဲ့သည်။

ယနေ့တွင်Practical Examလည်းရှိနေတဲ့အခါကြိုးကြိုးစားစား
လမ်းလျှောက်လျှက်ကျောင်းလာခဲ့ပြီး
ပုံမှန်အတိုင်းပဲ အခရာသည် ရိုစီ၏ထောင့်ဝိုင်းတွင်
Exam ဖြေရမည့် Chapter ကိုလေ့လာနေသည်။

အရာအားလုံးကိုပိုင်ဆိုင်ပြီး အရာအားလုံးကို
ပြန်လည်ဆုံးရှုံးသွားတဲ့လူတစ်ယောက်အဖြစ်ကို
မရောက်ချင်ပေမယ့်ရောက်သွားခဲ့ရတာကြောင့်
တ်ိတ်ဆိတ်သွားခြင်းကိုပဲ ပြန်ရွေးချယ်ခဲ့ရသည်။

အစောပိုင်းထဲက အဆင်ပြေချောမွေ့လွန်းနေခြင်း
အပေါ်တစ်ခါတရံသံသယတော့ဖြစ်မိသား။
သူ့ဘဝသည်အလွယ်တကူအဆင်ပြေတတ်သည့်
ဖြစ်တည်မှုမျိုးမှမဟုတ်ဘဲ။"ဖြစ်ပြန်ပြီ"ဆိုတဲ့
နာကျင်မှုဟာ ထိုနာကျင်မှုအားကောင်းကောင်းနား
လည်နိုင်မည့်သူမှ မျှဝေပေးနိုင်မည့်ခံစားချက်မျိုး။

မကျေနပ်ဘူးလို့ပြောလို့လည်းမရ။
မတရားဘူးလို့ အော်ဟစ်ငိုယိုလို့လည်းမရတဲ့ဖြစ်ရပ်တွင်
သူမှားယွင်းရင်ခုန်မိခဲ့တာသည်သာအပြစ်တစ်ခုလို့
အကြိမ်ကြိမ်သတ်မှတ်ပြီး စိတ်သည်အချိန်တွေတိုင်း
တမြေ့မြေ့။

ပျော်ရွှင်တက်ကြွခြင်းတွေနဲ့ လန်းဆန်းခဲ့တဲ့
နေ့ရက်တွေဟာ ချက်ချင်း အသက်မဲ့ခြောက်သွေ့
သွားခဲ့ပြီး နွေဦးကို ကျော်လွန်လာလေလေ
နွေဟာ တကယ်ကို ပူလာလေလေပဲ။

" ရဲကြီးတို့ကတော့ပြောတယ် ဖြစ်တာများလို့
ကျောင်းလာတက်ဖို့ကြာဦးမယ်တဲ့ ခုသက်သာရဲ့လား
မျက်နှာတွေအထိ အခရာရယ် ဘယ်လိုဖြစ်ရတာလဲ"

"ဘယ်လိုဖြစ်သွားမှန်းကို မသိတာပါဗျာ"

"ကြီးကြီးမားမားမဖြစ်သွားတာပဲကျေးဇူးတင်ရမယ်
နောက် သတိထား ငါတို့မြို့ကရှင်းမလိုလိုနဲ့ရှုပ်တယ်"

"ဟုတ်ကဲ့....."

"ဟိုလူတွေလည်းခုတလော ဆိုင်လာတာရက်မမှန်ပါဘူး
ရဲကြီး တစ်ယောက်ဘာဖြစ်နေတယ်မသိဘူး
တစ်ခုခု ပြဿနာရှိနေတဲ့ပုံပဲ ကြည့်ရတာတဖြေးဖြေး
ရောဂါသည်ရုပ်ပေါက်နေပြီ နင် နေမကောင်းတဲ့သူတောင်
သူ့လောက် ကြည့်ရဆိုးမနေဘူး..."

နေ့တိုင်းဖုန်းဆက်တယ်။မနက်တိုင်းအဆောင်ကို
လာခဲ့မယ်ဟု ပြောတိုင်း အဆင်ပြေကြောင်းပြောကာ
မလာဖို့အမြဲတားဖြစ်ခဲ့သည်။

ကိုယ့်ဘက်ကသူငယ်ချင်းတစ်ယောက်လို
အပေါင်းအသင်းလိုသဘောထားခဲ့တယ်ဆိုရင်တော့
သူဟာ တာဝန်ကျေတဲ့သူငယ်ချင်းကောင်းတစ်ယောက်
ထက်ပိုခဲ့ပါသည်။ လူသာရောက်မလာပေမယ့်
တစ်မျိုးပြီးတစ်မျိူးနေ့တိုင်းရောက်လာသော
စားစရာများသည်ရှမ်းအစားအစာများဖြစ်သည်။

သူဘယ်နေရာကနေ ဘယ်လိုတွေလိုက်ပတ်ဝယ်
ပြီး လာလာပို့သလဲမသိပေမယ့် တချို့စားစရာများ
သည် အရသာနီးစပ်လွန်းတာမလို့တောင်ကြီးကိုပင်
လွမ်းသွားမိတဲ့အထိ ...။

သို့သော် ပြီးခဲ့သောအခိုက်အတန့်တွေနဲ့
လက်ရှိအထိ မရပ်တန့်ခဲ့သောနွေးထွေးသည့်အပြုအမူတွေ
အခိုက်အတန့်အားလုံးဟာလုံးဝ သူငယ်ချင်းဘော်ဒါ
တစ်ယောက်ကိုဂရုစိုက်ခြင်းများဟု သိနေရပြီမလို့
အခရာသည် ပေးသမျှအရာရာတိုင်းကိုနာကျင်စွာ
ငေးသာကြည့်မိခဲ့သည်။

မျှော်လင့်ချက်အမှားတွေ ထင်မြင်မှုသက်သက်တွေနဲ့
ခံစားခဲ့ရတဲ့ အရာတွေအပေါ်လည်းကိုယ့်ကိုကိုယ်
အလွန်ရှက်ရွံ့မိခဲ့ပါ၏။

ဆိုင်တစ်ခုလုံးတွင်အခရာတစ်ယောက်ထဲသာ
အစောဆုံးရောက်နေပြီး ရှမ်းတောင်တန်းတွေကို
လွမ်းနေသော ဦးထီးအသံနှင့် Coffee တစ်ခွက်
သည်ပူပူနွေးနွေး။

Practical Exam အတွက် Practical လုပ်ရမည့်
အဆင့်ဆင့်ကိုခေါင်းထဲမှတ်နေကာ
စိတ်ထဲကြည်လင်နေသည်တော့မဟုတ်ပေမယ့်
ကျောင်းသားတစ်ယောက်ဖြစ်နေတဲ့အတွက်
ကိုယ့်တာဝန်တော့ကိုယ်ကျေရန်လိုပါသည်။
အချစ်ရေးနှင့်ပညာရေးကိုရောထွေးလိုက်ခြင်းမှာ
ကောင်းတဲ့ရလဒ်တစ်ခုမှမရှိတတ်တာကြောင့်ဖြစ်သည်။

"ဟော ရဲကြီး လာပြီ ....."

ဆိုင်ပိုင်ရှင်အမကြီးသည် ဆိုင်ထဲသို့ဝင်လာသော
မင်းရဲရင့်အားတွေ့တဲ့အခါဝမ်းသာအားရအသံဖြင့်
ကြိုဆိုလာသည်။

အခရာသည် Equation တွေကိုခေါင်းထဲမှတ်နေရင်းမှ
ဖျက်ခနဲမော့ကြည့်လိုက်တော့ လေးလံထိုင်းမှိုင်း
နေတဲ့ခြေလှမ်းတွေနှင့်အတူဆိုင်ထဲတဖြေးဖြေးဝင်
လာသောလူ။ အရောင်အဆင်းမတောက်ပြောင်သော
အဝတ်အစားတွေ အိပ်ရေးမဝနေသောချောက်နက်ထဲက
မျက်လုံးတွေနဲ့ "မကြီးရေ!"ဆိုတဲ့အရင်လိုတက်ကြွသည့်
ခေါ်သံတစ််ခုပင် မကြားရ။

အခရာသည် စက္ကန့်မျှလောက်သာကြည့်ပြီး
Practicalစာအုပ်ဆီအကြည့်တွေ
ပြန်ပို့လိုက်တဲ့အခါ ဆိုင်ထဲဝင်လာသူက
အခရာ့ဆီတည့်တည့်လျှောက်လာပြီးအခရာ့စားပွဲဝိုင်းပေါ်
လွယ်လာသော ကချင်လွယ်အိတ်အားပစ်ချလိုက်သည်။

ထို့နောက် လွယ်အိတ်ထဲက ဆေးလိပ်နှင့်မီးခြစ်ကို
ထုတ်လျှက် အခရာနှင့် ဆန့်ကျင်ဘက်ခပ်လှမ်းလှမ်း
ဝိုင်းတွင် သွားထိုင်၍သောက်နေသည်။

"အငွေ့ အဲ့ဘက်မရောက်ဘူးမလား...."

သောက်နေရင်းက မေးလာသောမေးခွန်းနှင့်
အသံသည် အက်ရှရှ။အခရာသည်စီးကရက်ငွေ့
တွေရှိရာသို့လှမ်းကြည့်လိုက်တဲ့အခါဘေးတိုက်
မြင်နေရသော စီးကရက်ဖွာရှိုက်နေပုံသည်
ကျောင်းထဲရယ်စရာတွေလုပ်တတ်တဲ့ရဲကြီးမဟုတ်ဘဲ
ချစ်သူလမ်းကြားတွင်ဒေါသဖြစ်သမျှပြေးထိုးသော
လူမိုက် မင်းရဲရင့်ဖြစ်နေသည်။

စူးစူးရှရှ အရောင်မှိုင်းမှိုင်းမျက်လုံးတွေသည်
ဆိုင်အပြင်ကိုငေးစိုက်နေကာ လက်ညိုးနှင့်
လက်ခလည်ကြားစီးကရက်ကိုထိရုံနှင့်ညှပ်ထား
ပြီး မထီတထီဟန်နှုတ်ခမ်းဖျားတွေဖြင့်
ရှိုက်ယူနေပုံသည် စိတ်နဲ့ကိုယ်မိုင်ပေါင်းများစွာ
ကွာခြားနေသလို...။

မတွေ့ရတဲ့ရက်ပိုင်းတွေအတွင်းသူဘာဖြစ်နေသလဲ
မခန့်မှန်းတတ်ပေမယ့် ဤပုံစံသည်မြင်ကွင်းထဲ
ပထမဆုံးမို့ ထူးဆန်းနေမိတာတော့အမှန်။

ဟင်္သာတတက္ကသိုလ်၏အလှဆုံးမိန်းကလေးရဲ့
လက်တွေကိုဆုပ်ကိုင်ထားရသော ယောကျ်ားပါဟု
ဘယ်လိုယုံပေးရမလဲမသိ။
မြင်နေရသည်က ခက်ထန် ထိုင်းမှိုင်း ရှုပ်ထွေး
နေခြင်းတွေသာဖြစ်သည်။

"အင်း....မရောက်ဘူး....."

"ဒီနေ့ မင်းတို့ Practical Exam ရှိတော့ မင်း
ထွက်လာမယ်လို့တော့ထင်သား မြတ်သူရော...."

"စာမရသေးလို့ သူ့လူတွေနဲ့သွားကျက်တယ်"

"အော်......"

စကားသည် ဘယ်သူကမှမဆက်တော့၍
တိတ်ဆိတ်သွားသည်။အခရာသည် စာကိုပြန်အာရုံစိုက်
နေပြီး မင်းရဲရင့်သည် စီးကရက်ကိုဆက်တ်ိုက်ဖွာရှိုက်
နေသည်။

"ငါ့ကို ဘာလ်ို့ မင်းအဆောင်ကိုတစ်ရက်မှ မလာခိုင်းတာလဲအခရာ
ငါမင်းဆီကို ကျန်ခဲ့တဲ့ရက်ပိုင်းတွေတုန်းကအရမ်း
လာချင်နေတာ ဘာလို့လဲ ဆိုင်ကယ်မှောက်ပြီးထဲက
မင်းရော မြတ်သူရော ငါ့အပေါ်တစ်ခုခုဖြစ်နေသလိုပဲ"

စကားစပြတ်သွားပြီထင်ပေမယ့် အတန်ကြာ
တ်ိတ်ဆိတ်သွားပြီးမှသူကနောက်တစ်လိပ်ကို
ထုတ်နေပြီး မီးညှိလျှက် မေးလာသည်။

"အတွင်းဆောင်ထဲ အပြင်လူတွေတရုန်းရုန်း
ဝင်ထွက်တာများရင် အဆောင်မှူးနဲ့စကားတွေပြောရတယ်
အာရုံနောက်လို့....."

ဘာမှပြန်မတုံ့ပြန်တော့ပါ ခေါင်းသာငြိမ့်ပြပြီး
စီးကရက်ကိုသာဆက်သောက်နေလျှက်
သူကငြိမ်သက်သွားသည်။

ပုံမှန်မဟုတ်နေဘူးဆိုတာပေါင်းလာတဲ့လပိုင်းတွေအရ
သိသာနေတာပဲ။ဘာတစ်ခုမှ မမှာဘဲ ဆေးလိပ်ကိုသာ
ဆက်တိုက်ထိုင်သောက်နေခြင်းကကျောင်းသားတစ်ယောက်
၏ပုံရိပ်နှင့်လည်းဘာမှမဆိုင်နေပါ။

"ရဲကြီး ဘာစားမှာလဲ ကြာဇံပြုတ်ပဲလား"

"မစားတော့ဘူး မကြီး ကျွန်တော်နေ့ခင်းမှထမင်းစားတော့မယ်"

"ခုတလော ဘာဖြစ်နေတာလဲ အိမ်နဲ့အဆင်မပြေလို့လား
တစ်ခုခု အခက်အခဲရှိရင် မကြီးကိုပြောလေ
မုန့်ဖိုး အခက်အခဲရှိနေလည်း နောက်မှပေး ရတယ်နော်
ငါတို့ နင်တို့က ပြောရမယ့်လူတွေမဟုတ်ဘူး"

"ဟုတ်ကဲ့ ....ကျေးဇူး မကြီး..."

"ဟေ့ကောင် ရဲကြီး!!!! သေမလို့ငါတို့ကိုအစောကြီး
ကျောင်းလာခိုင်းတာလဲ ဘာဖြစ်တာလဲ
အိပ်ရေးတွေမဝပါဘူးဆိုမှ....."

ဆိုင်ထဲသို့ ဝင်လာသူများသည် ဝေယံနှင့်ဖြိုးလေးနှင့်ဆု
ဖြစ်သည်။မကြည်မလင်မျက်နှာများဖြင့်အော်ဟစ်ရန်တွေ့
ကာဝင်လာကြပြီး အခရာ့ကိုတွေ့တဲ့အခါအားလုံး၏မျက်လုံး
တွေသည်တောက်ပသွားကြသည်။

ဖြိုးလေးနှင့်ပွကြီးသည် ဆေးလိပ်သောက်နေသော
သူငယ်ချင်းဆီမသွားဘဲ အခရာ့ဆီသို့
ဝမ်းသာအားရပြေးလာကြကာ

"ငါတို့ တောင်ပေါ်သားလေး နေကောင်းသွားပြီလား
လမ်းလျှောက်နိုင်ပြီလား မင်းကျောင်းမလာနိုင်တော့
စိတ်တွေမကောင်းနေကြတာ ပျောက်ပြီလား ပြစမ်းပါဦး"

အခရာ့၏ အနာတရတွေအားဟိုဟိုဒီဒီဝိုင်းထိကာ
မေးနေကြတော့ အခရာသည် ကြည်လင်သော
မျက်လုံးတွေဖြင့် စီနီယာကြီးတွေအားကြည့်ကာ

"ပျောက်ပါပြီ ...ကျောင်းကမလာလို့လည်းမရဘူးလေ
ဒီနေ့ Practical Exam...."

"ဟုတ်သားပဲ အေးပါ...နောက်သတိထားမောင်းကွာ ဖြစ်နိုင်ရင်
ငါတို့အတူတူပဲ အပြင်ကိုထွက်စမ်းပါ..."

"ဟုတ်ကဲ့ ကိုဖြိုးလေး...."

"စိတ်ကတော့ ရှယ်မာတယ် မင်းအိမ်တစ်ခါမှမပြန်ဘူးဆို
အိမ်လည်းမပြောဘူးဆို...."

ပွကြီး၏ မေးခွန်းကို အခရာ့ကအေးဆေးစွာခေါင်းငြိမ့်ပြကာ

"အထွေအထူးမှမဟုတ်ဘဲဗျာ...."

"ငါ့ အမေသာ သူ့ကိုအဲ့လိုမပြောဘဲကြောက်လို့ကြိတ်ကုနေရင်
နာတာတွေ ဘာတွေမသိဘူး လိုက်ရိုက်တာ
အမေ့ကိုတော့ ပြောပြလေကွာ ဘယ်သူဂရုစိုက်တာ
တော်တော် အမေ့ဂရုစိုက်ပေးတာကိုမမှီဘူး အဆူခံရခဏပေါ့"

"ဝေယံ မင်းစကားများလိုက်တာ....."

မသိလို့အကြံပေးခြင်းအပေါ်အခရာ့စိတ်ထဲပွကြီး
အပေါ်ဘာမှမဖြစ်သွားပါ။သူငယ်ချင်းတစ်ယောက်အနေနဲ့
စိတ်ရင်းနဲ့ပေးသောအကြံအပေါ်ထပ်မံပြီး"ဟုတ်ကဲ့"ဟု
ပြန်တုံ့ပြန်တော့မယ့်အချိန်တွင် ဖြတ်ဝင်လာသော
အေးစက်စက်အသံ။စီးကရက်သောက်နေသော
င်္သချာကျောင်းသားကြီးထံမှဖြစ်ပါ၏။
အခရာသည် သင်္ချာကျောင်းသားကြီးကဖျက်ခနဲ
လှမ်းကြည့်လိုက်မိသည်။

ပွကြီးသည် သူ့နာမည်အရင်းကို မင်းရဲရင့်က
ခေါ်လာ၍ လွန်စွာ အံ့ဩသောမျက်လုံးများဖြင့်
ကြည့်လိုက်တော့ မှင်သေသေဖြင့်မျက်နှာသည်
သူနှင့်အခရာကို ပြန်၍စိုက်ကြည့်နေသည်။

"မင်းဘာဖြစ်နေတာလဲ ရဲကြီး မနက်ထဲကဖုန်းတဂွမ်ဂွမ်နဲ့
ခုရောက်လာတော့လည်း ပုံစံက မချေမငံနဲ့
ညက ဘယ်လောက်တောင်ရှုံးသွားလဲ ...."

"ငါမင်းတို့ကို ပြောစရာရှိလို့....ဒီဝိုင်းလာကြ"

အတည်အတံ့ပြောလာသောစကားကြောင့်
အခရာမှလွဲ အားလုံးသည် မင်းရဲရင့်၏ဝိုင်းဆီ
သွားထိုင်လိုက်ကြသည်။

"ကြီးကြီးကျယ်ကျယ်နဲ့ ပြော ဘာဖြစ်ပြန်ပြီလဲ...."

သူငယ်ချင်းတွေအားလုံးမျက်စိရှေ့တွင်ဆုံသွားတဲ့အခါ
မင်းရဲရင့်သည် စီးကရက်ကိုတစ်ချက်ရှိုက်သွင်းလိုက်ပြီး

"ဒီနေ့ ငါ့ကောင်မလေးနဲ့ မင်းတို့ကိုမိတ်ဆက်ပေးမလို့...."

"ဒါများ......ဟမ်!!!!! ဘယ်လို!!!!!...အဟွတ်!!!..."

ကြားလိုက်ရသောစကားကြောင့်
အားလုံး၏ မျက်လုံးတွေသည်ပြူးကျယ်ထွက်သွားခဲ့သည်။
ရေသောက်လက်စ ဖြိုးလေးသည် ရေတွေအားလုံး
သီး၍ထွက်ကုန်ကာ ဝေယံ၏အသံအကျယ်ကြီးသည်
တစ်ဆိုင်လုံးဖုံးလွှမ်းသွားသည်။

ဆုသည် မင်းရဲရင့်အားကြောင်ကြည့်နေပြီး
ဆိုင်ပိုင်ရှင်မကြီးပင်သူငယ်ချင်းအုပ်စုဆီတအံ့တဩ
ကြည့်မိလာသည်အထိ Shockရစေလွန်းသောစကားဖြစ်ခဲ့သည်။

ပျံ့လွင့်လာသောအကြောင်းအရာတွင်
အခရာ့၏ Equationတွေအားချရေးနေသော
လက်တွေတုန့်ခနဲဖြစ်သွားကာတိခနဲရပ်သွားသည်။
နားထောင်မနေဘဲအကြားအာရုံ၏အလုပ်လုပ်နေမှုသည်တား၍မရခဲ့။

ပြောသူသည် ခပ်တည်တည်ဖြင့်မှင်သေသေ။
စိတ်လှုပ်ရှားခြင်းလည်းမရှိနေသလို
မျက်လုံးရောင် မှိန်မှိန်များဖြင့် ဆေးလိပ်ကိုသာ
ဆက်၍သောက်နေလျှက်။

"သားကြီး ရဲကြီး ညက ဘယ်လောက်တောင်ပါသွားလို့လဲ
ဒီလောက်ကြီးရူးသွားတာ သိန်းချီရင်လည်းရပါတယ်
ငါတို့ဆိုင်ကယ်တစ်စီးသွားထားလိုက်မှာပေါ့
မင်း စိတ်ညစ်လွန်းလို့ ချောင်သွားတာတော့မဟုတ်ပါဘူးနော်"

ဖြိုးလေးသည် စိတ်ဓာတ်ကျနေပုံပေါ်သောသူငယ်ချင်း၏
ပါးနှစ်ဖက်ကို ဆက်ခနဲကိုင်ကာစိုးရိမ်တကြီးဆိုတော့
မင်းရဲရင့်သည်ဖြိုးလေး၏လက်တွေကိုဆက်ခနဲဖယ်
ပစ်လိုက်သည်။

"မူးနေတာလား စောစောစီးစီး....အနံ့လည်းမရပါဘူး
ကောင်မလေးက ဘယ်သူလဲ ချစ်သုဝေ ကိုပြောတာလား"

သင်္ချာကျောင်းသားကြီးအားပေးသော တစ်ယောက်ထဲသော
မင်းသမီးသည် ချစ်သုဝေ ဖြစ်သည်။မိန်းကလေးအကြောင်းဆိုလို့
တစ်ခါတလေ ချစ်သုဝေ ချစ်စရာကောင်းကြောင်းတွေသာ
ကြားတတ်တာမို့ ပွကြီးကမေးတဲ့အခါ စီးကရက်ကို
လက်စသတ်လိုက်ပြီး သူကအားလုံးကိုသူကသေသေချာချာ
ကြည့်လာသည်။

"ငါ့ကောင််မလေး အစစ် ဒီကျောင်းကပဲ
ငါတို့တွဲတာ ၄နှစ်နီးပါးရှိပြီ အထက်တန်းထဲက
မင်းတို့ကို ကိစ္စအကြောင်းအရာလေးတွေရှိလို့
မပြောဘဲနေခဲ့တာ ခု ပြောချိန်တန်ပြီ ထင်လို့....."

စနောက်ပြီးပြောနေတာမျိုးမဟုတ်ကြောင်း
အတည်အတံ့မျက်နှာက သက်သေတည်နေတဲ့အခါ
အားလုံးသည် ကျောက်ရုပ်တွေလို ကြောင်အသွားကြသည်။

ဆုသည် မင်းရဲရင့်၏စကားဆုံးသည်နှင့်
ယောင်ယမ်းကာလှမ်းကြည့်လိုက်မိသည်က
အခရာကိုဖြစ်သည်။မြင်လိုက်ရသောမြင်ကွင်းသည်
Chemistry Practicalစာအုပ်၏စာမျက်နှာတွေအား
တစ်ရွက်ချင်းအေးအေးလူလူလှန်ကာစာမှတ်နေဟန်
ရှိသော ကောင်လေးဖြစ်သည်။

တည်ငြိမ်သောမျက်နှာထား ဘာခံစားချက်မှမရှိနေသော
အခရာ့မျက်နှာသည် သူမ စိတ်ကူးယဉ်လွန်ခဲ့ပြီလားဟု
ကိုယ့်ကိုကိုယ်စိတ်ပျက်သွားခြင်းကိုခံစားလိုက်ရသည်။
မမှားနိုင်သောခံစားမှုမှာ ဇလွန်တွင်တစ်ရက်အတူတူရှိနေရုံနဲ့
သူတို့တစ်ယောက်ကိုတစ်ယောက်မှီတွယ်နေပြီဟုတရားသေမှတ်
နေခဲ့မိတာ။

မင်းရဲရင့်၏ဘယ်ကပေါ်လာမှန်းမသိသော
ရည်းစားသက်တမ်းလေးနှစ်ဆိုတာနဲ့
တစ်ဖက်ကလည်းဤအံ့ဩဖွယ်ရာကြီးအပေါ်
Practical Examလောက် စ်ိတ်ဝင်စားမနေခြင်းသည်
ဖြိုးလေး လိုင်းပေါ်ပေါက်ကရတွေလုပ်ခြင်းထက်
ပို၍ရင်ကွဲနာကျသွားရသည်။

"နေ...နေပါဦး ကွာ.....မင်းဟာက တကယ်ကြီးလား"

"ငါ မင်းတို့နဲ့စတွေ့ခဲ့တဲ့ First Year December ထဲက
မင်းတို့ကို ငါ့Relationship အကြောင်းပြောပြချင်ခဲ့တာပါ
ဒါပေမယ့် ငါပြောသလိုပဲ....တချို့အရာတွေကြောင့်
ငါ မပြောဖြစ်ခဲ့ရဘူး..."

"တက္ကသိုလ်၂နှစ်လုံးလုံးကို
Silent တွဲနေကြတာပေါ့ အဲ့လိုလား....."

"အင်း....ခုငါ့ဘက်က အဲ့အခြေအနေကိုငြီးငွေ့လာလို့
ရည်းစားဆို ရည်းစားတူအောင် တွဲဖို့သင့်ပြီထင်လို့..."

တစ်ညလုံးကျက်မှတ်ထားသောEquationတွေဟာ
မြှားတွေထ်ိုးပြီး တစ်ဖက်မှာ ဘာဒြပ်ပေါင်းမှမထွက်လာတော့ပါ။
H2နဲ့ Oပေါင်းသည်အထိလွယ်လွန်းနေတဲ့Equation
တွေ၏အဖြေတွေကို အခရာသည် မရေးနိုင်နေ။
ခေါင်းထဲပြင်းထန်စွာစဉ်းစားနေရပြီး မျက်လုံးထဲတွင်
စာလုံးများသည် ရှုပ်ယှက်ခတ်လာကာ ဘောပင်သည်
ဖိရေးနေပေမယ့် စာတစ်လုံးမှမပေါ်လာခဲ့။
ဒီလောက်လွယ်လွယ်လေးကိုအဖြေမထုတ်နိုင်တော့သော
ဦးနှောက်ကို ထုရိုက်ချင်စိတ်ပေါ်လာကာကိုယ့်ကိုကိုယ်
ဒေါသတွေသည် ချက်ချင်းဆိုသလိုတမြေ့မြေ့။

"နေစမ်းပါဦး မင်းလိုကောင်ကို ဘယ်မိန်းကလေးက
Silentတွဲတာလဲ ရဲကြီး မင်းအနေအထားကြီးနဲ့ကွာ"

"အင်းလေ....အဲ့တာကြောင့် ပေါ်တင်တွဲချင်လို့
မင်းတို့ကိုအရင်မိတ်ဆက်ပေးမယ်လို့ ငါခုကန်တင်းကို
ခေါ်ထားတယ်...."

မေးရိုးတွေတင်းသည်အထိ အံကြိတ်ကာ
ကြိုးစားတွက်ချက်နေသော်လည်း တစ်ဖက်မှာ
ရေးရမည့်အဖြေတွင်လက်သည်လုံးဝလှုပ်ရှား၍မလာပါ။
စာကိုသာစဉ်းစားရမယ် စာကိုသာကြိုးစားစိတ်နှစ်ရမယ်
ဟုကိုယ့်ကိုကိုယ် ပြင်းပြင်းထန်ထန်သတိပေးကာ
အတင်းအကျပ်ကြိုးစားနေပေမယ့် အလွယ်ဆုံး
Equationတွေဟာ ရူးမတတ်ကိုခက်လွန်းလာပါ၏။

"မယုံနိုင်ပါဘူးကွာ ဒီလောက်ကြီး ဖုံးနိုင်ဖိနိုင်တာ
အံ့ဩစရာပဲ မင်းနဲ့ငါတို့ဒီလောက်၂၄နာရီအတူတူရှိနေတာ
မင်းတစ်ခါမှ ဖုန်းလာတာ ဖုန်းပြောတာ
Msgပို့တာ သွားချိန်းတွေ့တာ တစ်ခုမှငါတို့မသိခဲ့ဘူး
ရူးကြောင်မူးကြောင်တွေများဖြစ်နေတာလားသားကြီးရာ"

"ခု သိရပြီလေ...မင်းနဲ့ဆုလို ငါလည်းငါတို့အဖွဲ့ထဲ
သူနဲ့ အတူတွဲနေကြည့်ချင်တယ်...."

အခရာသည်ဘယ်လိုစဉ်းစားစဉ်းစားဗလာပဲဖြစ်နေသော
ခေါင်းနှင့် အဖြေလုံးဝမထွက်လာသောEquationနဲ့အတူ
အသက်ရှုလို့်မရတော့ခြင်းတွေတွင်ဘောပင်ကို
နောက်ဆုံးတော့စာအုပ်ပေါ်လွှတ်ချလိုက်ရတော့သည်။

ဘယ်လိုမှအဖြေမထွက်နိုင်တော့၍သူငယ်ချင်းတွေဆီ
အတူတူစာသွားကြည့်ဖို့လိုအပ်လာသည်မလို့
စာအုပ်ကိုပ်ိတ်လိုက်တော့ရန်ဆုံးဖြတ်လိုက်သည်။

"ခု မင်းကောင်မလေးက ဘယ်မှာလဲ...."

"ဟိုမှာ လာနေပြီ..."

စာအုပ်ပိတ်ကာ ထွက်သွားတော့မည့်အကြံတွင်
ဆိုင်ရှေ့သို့ အပြာနုရောင်ထီးလှလှလေးတစ်ချောင်း
ဖြင့်ဝင်လာနေပြီဖြစ်သော မိန်းကလေးကြောင့်
အခရာသည်ထွက်သွားဖို့ရန်ခက်သွားခဲ့ပြီ။

သူက အားလုံးကိုပြောပြနေတာဖြစ်၍
သူ့ကောင်မလေးရောက်မှ ကိုယ်ကထပြေးတာမျိုးသည်
ယဉ်ကျေးမှုမရှိဖြစ်နိုင်ကာ ဘော်ဒါအကန့်ဘက်က
ကြည့်လျှင်ပြောစရာအများကြီးဖြစ်သွားနိုင်ပါ၏။
မတတ်နိုင်တော့စွာ စာအုပ်ကိုမသိမသာပြန်ဖွင့်လိုက်ရပြီး
ထိုနေရာတွင် ဆက်ထိုင်နေလိုက်ရသည်။

"ဘယ်မှာလဲ......."

အားလုံးသည်အလွန်စိတ်ဝင်တစားဆိုင်ရှေ့သို့
လှမ်းကြည့်လိုက်တဲ့အခါ သင်္ချာမှသူဇာတို့အုပ်စု
သည်ထုံးစံအတိုင်းအသံအကျယ်ကြီးတွေဖြင့်ရယ်မောကာ
ဝင်လာကြသည်ကိုတွေ့လိုက်ရသည်။

"ဟာ ရဲကြီး မင်းကွာ .....ရယ်ရင်တကမ္ဘာလုံး
တုန်တဲ့ ဒီအုပ်စုထဲက လူကို ၄နှစ်ဘယ်လိုတွဲခဲ့တာလဲကွာ
ဒီအသံနှုန်းတွေကို ဘယ်လိုများSilent နိုင်တာလဲ"

"သူတို့နောက်ကတစ်ယောက်....."

သူဇာတို့မဟုတ်ဘူးဆို၍ ပိုပြီးစိတ်ဝင်စားသွားကြပြန်ကာ
သူဇာတို့အဖွဲ့နောက်က တစ်ယောက်ထဲ ခပ်ဖြေးဖြေး
လျှောက်လာနေသောကျောင်းသူကိုလှမ်းကြည့်လိုက်
ကြချိန်တွင် မျက်လုံးများသည် အားလုံးပြိုင်တူ
အစွမ်းကုန်ပြူးသွားကြသည်။

ပွကြီးသည် အအံ့ဩဆုံးမျက်နှာမျိုးဖြင့်

"နွေ.....အဲ့....တာ ...နွေ မလား...."

နွေသည်ငုဝါရောင် ရင်ဖုံးလှလှလေးနှင့်
ကျောင်းသူတွေဝတ်လေ့ရှိသော၃လွှာ ၄လွှာ
စကတ်တွေမဟုတ်တဲ့ ထဘီကို ခန္ဓာကိုယ်နှင့်ချပ်ကပ်နေအောင်သပ်ရပ်တိကျစွာတွဲဝတ်ထားသည်။

သူမအရပ်အမြင့်ကိုပို၍ ကတ္တီပါဖိနပ်မြင့်မြင်က
အားဖြည့်ထားပြီးနက်မှောင်ရှည်လျားသောဆံပင်အရှည်ကြီးအား
လှပစွာဖြန့်ချထားကာ သနပ်ခါး ပါးပါးလေးဖြင့်
သိမ်မွေ့စွာ ညှင်သာစွာ ဆိုင်ထဲသို့တစ်လှမ်းချင်းဝင်လာနေသည်။
မှားစရာ မရှိသော အလှတွင် ဒီနေ့မှာလည်း
ငုဝါပန်းလေးလို ဝါလွင်နေခဲ့သည်။

မယုံကြည်နိုင်မှုများ၁၀၀%နှင့်မှင်သေသေဖြင့်မင်းရဲရင့်အား
ကြည့်လိုက် လျှောက်လှမ်းဝင်လာသော
နွေအားတစ်လှည့်ကြည့်လိုက်ဖြင့် အားလုံး
အံ့ဩမှင်သက်နေကြကာ ဘာတစ်ခွန်းမှ
ချက်ချင်းမပြောနိုင်ကြတော့။

ဆုသည် မင်းရဲရင့်အား မယုံကြည်နိုင်စွာ
ကြည့်ကာ

"တကယ်ကြီးလား ရဲကြီး....ငါတို့ကိုရုပ်တည်ကြီးနဲ့
မနောက်နဲ့နော်...နွေက သူ့ဟာသူကန်တင်းလာထိုင်
တာမလား..."

မင်းရဲရင့်သည် စ်ိတ်လေသွားဟန်သက်ပြင်းတစ်ချက်ချလိုက်ကာ

"ဘာလို့လဲ အဲ့လောက်တောင် သူနဲ့ငါက
ရည်းစားတွေဖြစ်ဖို့ တန်မနေလို့လား
ငါ နောက်စရာဘာမှမရှိနေဘူး ......ဆု"

ဆုသည် ပြတ်သားသောအဖြေတွင်တိတ်ဆိတ်
ငြိမ်သက်သွားသည်။ပွကြီးနှင့်ဖြိုးလေးသည်
ဘာဆိုဘာမှမပြောနိုင်ကြတော့ဘဲ တကယ်ကြီး
နွေသည် သူတို့ဝိုင်းနားသို့ရောက်လာတာမလို့
မင်းရဲရင့်အနားမှခပ်မြန်မြန်ခွါလိုက်ကြရကာ
တခြားခုံများတွင်ကိုယ်စီကိုယ်ငှထိုင်လိုက်ကြသည်။

"ဝင်စရာတစ်ခုရှိနေလို့ နည်းနည်းနောက်ကျသွားတာ
နင် ဘယ်အချိန်ထဲကရောက်နေတာလဲ..."

"မကြာသေးပါဘူး လာထိုင်...."

နွေသည် မင်းရဲရင့်၏ဘေးနားတွင်
ပြုံးယဲ့ယဲ့မျက်နှာနှင့်အတူဝင်ထိုင်လိုက်သည်။
နွေက တော်တယ်။ သူမဒီလူတွေကိုတစ်ခါမှ
ကြည့်မရခဲ့ပေမယ့် ခုဆုံတဲ့အခါဘာမှမရှိသလိုပဲ
အလှဆုံးဖြစ်နေမယ့်ပြုံးယဲ့ယဲ့မျက်နှာမျိုးကိုဖန်တီး
နိုင်တယ်။

"သူပဲ....ငါအထွေအထူးတော့ မိတ်ဆက်ပေးဖို့လိုမယ်မထင်ဘူး
ဒါ ငါ့ကောင်မလေး အင်္ဂလိပ်စာက နွေ....."

နွေသည် စိတ်နဲ့ခန္ဓာကွာနေသလိုဖြစ်နေသော
လူ၃ယောက်အား လှပစွာပြုံးပြလာသည်။
အနီးကပ်မြင်ရမှ ပိုပြီးမှုံနေအောင်လှနေသော
မြန်မာမိန်းကလေးတစ်ယောက်၏အလှစံနှုန်းအားလုံး
ပြည့်စုံနေသောမျက်နှာဖြင့်နွေ့ကိုအားလုံးချက်ချင်းပြန်မနှုတ်
ဆက်နိုင်ကြပါ။

"ဟေ့ကောင်တွေ....."

"အော်.... အေး ....ဟုတ် ဟုတ်ကဲ့
တွေ့ရတာ ဝမ်းသာပါတယ်....နွေ"

ပထမဆုံးအသက်ဝင်လာသူဖြိုးလေးသည်
ပြန်လည်နှုတ်ဆက်လာတော့နွေကပို၍ရင်းနှီးစွာ
ပြုံးပြလျှက် ခေါင်းငြိမ့်ပြလာသည်။

"နွေ ဒါက ဝေယံ နင်သိပါတယ် ငါနဲ့အတူရှေ့တန်းက
ဒါကဖြိုးလေး သူကဖြိုးလေးရည်းစားဆု...."

"ဟုတ်ကဲ့...အားလုံးကိုနွေရင်းနှီးပြီးသားပါ
လူချင်းပဲမတွေ့ဖြစ်ကြတာ....."

"အာ ဟုတ်ကဲ့..."

"သူက လွမ်းအခရာ နွေ ငါတို့နဲ့နှစ်တော့မတူဘူး
ဒါပေမယ့် ငါတို့အုပ်စုနဲ့ပေါင်းဖြစ်နေတာ
တောင်ကြီးက....."

တစ်ဖက်ဝိုင်းတွင်စာကျက်နေသောကောင်လေး
အား မင်းရဲရင့်က လက်လှမ်းပြကာမိတ်ဆက်ပေး
လာတော့ နွေက လှမ်းကြည့်လာသည်။

"လွမ်းအခရာပါ....."

စာအုပ်ဆီမှ မျက်နှာလွှဲကာနွေ့ဆီပကတိအပြုံးပါးပါး
လေးဖြင့်ပြန်နှုတ်ဆက်လာသည်။နွေသည်ရင်းနှီးစွာ
ပြုံးပြနှုတ်ဆက်နေသောကျောင်းသားလေး
၏မျက်နှာကိုခေတ္တခဏတွေဝေစွာကြည့်ပြီးမှ

"အင်း......နွေ ပါ...."

ရဲရင့်၏သူငယ်ချင်းတွေအားလုံးသူမသိပေမယ့်
မျက်စိရှေ့တွင်မြင်နေရသော ဖြူနုနေသော
ဤကျောင်းသားလေးကိုသူမမရင်းနှီးနေပါ။
ရဲရင့်ဘာတွေလုပ်နေလဲ ဘယ်သူတွေနဲ့ရှိနေလဲ
ဘာတွေဖြစ်နေသလဲဆိုတာ ဒုတိယနှစ်စတက်ထဲက
သိပ်အများကြီးမသိနေတော့သော သူမတို့၏
ဆက်ဆံရေးတွင် ဤကောင်လေးသည်ဘယ်ကနေ
ဘယ်လို.....။

သတိထားမိစရာ အသားအရည်၏ကြည်လင်နေမှု
နှင့် ယောကျ်ားလေးတစ်ယောက်ဖြစ်ရက်နဲ့
မျက်နှာ၏တည်ဆောက်မှုသည် ဆန်းကြယ်ကာ
ချောလွန်းသည့်ကျောင်းသားလေးဖြစ်နေတာမလို့
နွေသည် သေသေချာချာစူးစူးစိုက်စိုက်ကိုကြည့်မိသွားခဲ့ပါ၏။

သူမကိုပဲ တစ်လောကလုံးကငေးမောခဲ့ကြတာ
သူမက ပြန်လည် ငေးမောရခြင်းသည်
ဤကောင်လေးကဘဝတွင်ပထမဆုံး။

"အခရာကChemistry ကလေ ဒီနေ့ Practical Examရှိလို့
စာအတင်းကျက်နေတာ သူ ငါ့နားတောင်အရင်လို
မကပ်နိုင်ဘူး ကလေးတွေပထမနှစ်ဆိုတော့
သိပ်ကြောက်တတ်တာ"

"ပထမနှစ်ကတော့ ဒီလိုပါပဲ နင်လည်းကြောက်ခဲ့တာပဲကို"

နွေသည်သူ့မျက်နှာကိုပြုံးပြုံးလေးကြည့်ကာ
ပြောတော့ သင်္ချာကျောင်းသားကြီးကဖျက်ခနဲပြုံးသွားသည်။
အဆင်ပြေနေသေးသားပဲ။ကျွန်တော်တို့ဒီလိုကျတော့
လည်း အတူတူပြုံးရယ်လို့ရနေသေးတာပဲ။

အခရာသည်မေတ္တာမျှနေသူများ
တစ်ယောက်ကိုတစ်ယောက်ပြုံး၍ကြည့်
နေကြသောမြင်ကွင်းကိုပျက်ဆီးစေလိုသောဆန္ဒတော့
မရှိပေမယ့် ကြည့်နိုင်စွမ်းအားနည်းလာပြီမလို့
စာအုပ်နှင့်ပစ္စည်းတွေကို လွယ်အိတ်ထဲသို့သိမ်းလိုက်ကာ

"ဒါဆို ကျွန်တော်  Practical Examသွားဖြေတော့မယ်
အချိန်နည်းနည်းကပ်လာပြီမလို့လေ နောက်မှတွေ့မယ်နော်"

"အော် အေးအေး အခရာ ဖြေနိုင်ပါစေ သားလေးရေ...."

ပွကြီးသည် စိတ်ပါလက်ပါအားပေးကာဆုတောင်းပေး
တော့ အခရာသည် ခပ်ဝဲဝဲအသံဖြင့်ကရင်တိုင်းရင်းသား
ကြီးအားပြန်လည်ပြုံးပြကာခေါင်းငြိမ့်ပြခဲ့သည်။

"ဟေ့ကောင်လေး သေချာလုပ်နော်..."

ဖြိုးလေး၏မှာကြားမှုကိုလည်း လက်ပြကာ
အသိအမှတ်ပြုကြောင်းပြပြီးဆိုင်ထဲမှ
အနာတွေနာသေးတာမလို့ ခပ်ဖြေးဖြးလျှောက်လျှက်
ထွက်သွားခဲ့သည်။

"ဟေ့ကောင်......"

ဆိုင်အဝရောက်မှ လှမ်းခေါ်လိုက်တော့အရင်းနှီးဆုံး
အသံကြောင့် အခရာ၏ခြေလှမ်းတွေတိခနဲရပ်သွားသည်။
မကြားချင်ယောင်ဆောင်လို့လည်းမရတာကြောင့်
ပြန်လှည့်ကြည့်လိုက်သည်။

"အင်း......."

"ငါ လိုက်ပို့ပေးရမလား  မင်း ဌာနအထိ ခြေထောက်က
အဆင်ပြေမှာလား"

"နေ မလိုဘူး....."

ခပ်ပြတ်ပြတ်ဖြေပြီးနောက် လွယ်အိတ်တစ်လုံးလွယ်
လျှက်ထွက်သွားသောကောင်လေးသည်ယောင်လို့ပင်
ဆိုင်ဘက်ကိုတစ်ချက်ပြန်လှည့်မကြည့်တော့ပါ။

"သူက ဆက်ဆံရေးကအဲ့လိုပဲ ဒါပုံမှန်ပဲ
နွေ တော့ တစ်မျိုးဖြစ်နေမှာ ကျွန်တော်တို့ကတော့ရိုးနေပြီ"

ဝေယံသည် အားတုန့်အားနာဖြင့်ဖာထေးတော့နွေက
ကိစ္စမရှိကြောင်းခပ်ပါးပါးပြုံးပြလိုက်သည်။

ရက်ကွက်ထဲက လူမိုက်ကြီးတွေသည်သူ့အပေါင်းအသင်းဖြစ်ပြီး
ရွယ်တူဖိုက်တာတွေထဲသူကခေါင်းဆောင်ဖြစ်ကာ
ငယ်သူတွေဆိုတုန်နေအောင်လန့်ရသော မင်းရဲရင့်
အမုန်းဆုံးသည် သူ့အပေါ် မခန့်လေးစားပုံသဏ္ဍာန်ဖြစ်သည်။
အတိအကျဆို ခုချိုးသွားသော ကောင်လေး၏အချိုးမျိူး
ဖြစ်ပါ၏။ဘာမှမတုံ့ပြန်ဘူးလားဟု မင်းရဲရင့်အားကြည့်လိုက်
သည့်အခါ ဘာမှအထွေအထူးမရှိနေပါ။

"ငါ့ရည်းစားရှေ့မှာ ငါ့ကိုလုပ်သွားတဲ့အချိုးကိုကြည့်
စာမေးပွဲပြီးရင် ဌာနရှေ့မှာသွားစောင့်ပြီး
နဖူးကို ၃ချက်လောက်ဆင့်ရိုက်ပြမယ်...တကယ့်ကောင်"

မင်းရဲရင့်သည်ထွက်သွားသောကျောပြင်အားလှမ်းကြည့်လျှက်
ပေါ့ပါးစွာပြောနေပြီး ဘေးနားတွင်ထိုင်နေသူနွေ၏
ပုခုံးတွေအားခပ်ဖွဖွဖက်လိုက်ကာ

"ရှေ့လျှောက် နွေက ငါတို့အဖွဲ့ထဲအတူတူရှိမယ်
ဒီနေ့ မရင်းနှီးသေးရင် နောက်တဖြေးဖြေး
အဆင်ပြေသွားကြမှာပေါ့ကွာ ငါ့ကိုခင်သလိုပဲ
ခင်ပေးကြ...."

ရုတ်တရက်ကြီးပေါ်လာသော
သူစိမ်းဆိုမှသူစိမ်းတစ်ယောက်
အဆင့်သာရှိသော ကျောင်း၏ မာနကြီးလှပါဘိ
ဂုဏ်သတင်းကြီးလှပါဘိ ဆိုတဲ့ All Queenကို
ရင်းနှီးဖို့ဆိုတာ ရိုးသားစွာပဲသူတို့ရှိန်ပါသည်။

ရှိန်အောင်လည်း ဖြစ်သလိုနေထိုင်ဝတ်စားသွားလာ
သည့်သူတို့ဆီရောက်လာသောနွေသည်တစ်ယောက်
ထဲအရောင်တို့တောက်နေကာ ပြုံးပြနေတာမှန်ပေမယ့်
သူမပြုံးလိုက်တိုင်းသူတို့ဘာလို့သေးငယ်သွားသလို
ခံစားရသလဲမသိ။ စိတ်တွေသည်လွတ်လွတ်လပ်လပ်မရှိလှ။

"တွဲကြတာ အထက်တန်းထဲကကို ဘာလို့ငါတို့ကို
ရုတ်တရက်ကြီး ခုမှမိတ်ဆက်ပေးတာလဲ ရဲကြီး
ပြောရရင် နွေ ရှေ့တည့်တည့်ရောက်နေတာတောင်
ဆုဖြင့် မယုံသေးဘူး"

"နွေ က အိမ်ကြောက်ရလို့ပါ ဆု ကျောင်းထဲ
ရည်းစားနဲ့ သွားလာရင် အဆင်မပြေလို့...."

"ခုကျ ပြေသွားပြီလား...."

ချက်ချင်းပြန်မဖြေနိုင်သောမေးခွန်းတွင်
နွေသည် မင်းရဲရင့်အားဖျက်ခနဲကြည့်လာသည်။
မင်းရဲရင့်သည် ဆုအား စူးခနဲကြည့်လာကာ

"နင်မေးနေတာ ဘာအရေးကြီးလို့လဲ ဆု"

"ဒီလိုပဲမေးတာပါ နင်က ဘာဖြစ်နေတာလဲ"

မင်းရဲရင့်သည်ဆုအားဘာမှမတုံ့ပြန်တော့ဘဲ
နွေအား ကြည့်လာကာ

"မနက်စာဘာစားမလဲ ဒီက မကြီးလက်ရာကောင်းတယ်"

"အိမ်ကစားလာခဲ့ပြီးပြီ...."

"ကန်တင်းမှာ ချိန်းတဲ့ဟာ ဘာလို့စားလာတာလဲ"

နွေသည် မင်းရဲရင့်အနားခပ်နီးနီးလေး
တိုးကပ်သွားကာတိုးဖွဖွအသံဖြင့်

"အိမ်ကမနက်စာနဲ့ NewLightကမနက်စာပဲ
ငါနဲ့အဆင်ပြေတယ်"

"NewLightမှာပဲအဆင်ပြေတယ်ပြောတယ်
ငါနဲ့ကျ ထိုင်ဖို့ကို ကျောင်းစဖွင့်ထဲကခုထိ
နင် အချိန်မပေးသေးဘူး..."

"အင်း....နောက်နေ့ပေါ့...."

"မနက်ဖြန် သွားကြမလား...."

တက်ကြွစွာပြောနေသော ရဲရင့်၏တောင်းဆိုမှုကို
အဖြေချက်ချင်းမပေးနိုင်။နွေသည် လွယ်လာသော
အိတ်ထဲမှ ပစ္စည်းတစ်ခုခုကိုရှာနေဟန်ပြုပြီး

"အခြေအနေအရပေါ့....."

သင်္ချာကျောင်းသားကြီးကပြုံးသည်။
စီးကရက်နောက်တစ်လိပ်ကိုထုတ်ကာမီးညှိတော့
ပွကြီးက မီးခြစ်အားဖျက်ခနဲဆွဲယူသွားပြီး

"ဘာဖြစ်နေတာလဲ မင်း
တစ်မနက်ထဲ ဘယ်နှလိပ်ကုန်နေပြီလဲ"

"ငါ့ပိုက်ဆံနဲ့ငါသောက်တာ ဘာတွေလာစိုးမိုး"

"များနေလို့ပြောတာ မင်းဟာအပျော်မဟုတ်တော့ဘူး"

"ငါ့ ကိစ္စပါ ....ငါ့ကောင်မလေးကတောင် ငါ့ကို ငါဘာလုပ်လုပ်
ငါအရက်သောက်ပြီးလမ်းဘေး လဲနေလည်းမပြော
ဆေးလိပ်ဘယ်နှလိပ်ကုန်ကုန်မသိ ငါ့ကိုဘာမှ
ချူပ်ကိုင်တာ ချူပ်ချယ်တာမရှိတာ မင်းတို့ကဘာမလို့လဲ
နော်.....နွေ....."

"ကောင်းတယ်မကောင်းဘူး ဝေဖန်ပိုင်းခြားနိုင်တဲ့
အရွယ်ရောက်နေပြီပဲ....ငါကနင့်ကိုဘာကိစ္စ
လိုက်ပြောနေရတော့မှာလဲ...."

"ဟုတ်တာပေါ့....မှန်တယ် ငါ့ကောင်မလေးကအမြဲမှန်တယ်"

ပိုပိုသာသာပုခုံးလေးအားသူ့ဘက်သို့ဆွဲယူ
ပွေ့ဖက်လိုက်သော အထိအတွေ့တွင်နွေသည်
ပါးပါးလေးတောင်မပြုံးနိုင်တော့။နေမြင့်လာပြီ
ဖြစ်၍ကျောင်းသားများသည်တဖွဲဖွဲဆ်ိုင်ထဲသို့
ဝင်လာကြပြီဖြစ်သည်။

"ရဲရင့်....ငါ အတန်းရှိတယ် သွားတော့မယ်"

"လိုက်ပို့မယ်....."

"နေပါ ရတယ် အဝေးကြီးကို"

"ငါလိုက်ပို့မယ်နွေ နင့်မေဂျာကို ငါမရောက်ဖူးသေးဘူးလေ"

"အထူးအဆန်းဘာရှိလို့လဲ"

"အထူးအဆန်းကငါပဲလေ နင့်လက်ဆွဲပြီးသာ
ဒီကနေ အင်္ဂလိပ်စာအထိ လမ်းလျှောက်လိုက်ရင်
ထူးဆန်းလွန်းတဲ့ကောင်ကြီးဖြစ်ပြီ ထူးဆန်းချင်လို့ပါဟာ"

"ငါမလျှောက်ချင်ဘူး တစ်ယောက်ယောက်တွေ့လို့
အိမ်ပြန်တိုင်ရင် အဆူခံရမှာ ...ကန်တင်းမှာ
လာထိုင်ပေးပြီးပြီပဲ ဒါကမရသေးဘူးလား"

"ရတာပေါ့....ကျေးဇူးတွေတင်တယ် အရမ်းပဲ"

နားမလည်နိုင်သော သူတို့၏Relationship အခြေအနေ
သည်၄နှစ်သာပြောတယ် သူတ်ို့ရည်းစားတွေပါဆိုသော
ခံစားမှုကိုလည်းစရောက်ထဲက၄စက္ကန့်တောင်မခံစားရ။
သူငယ်ချင်းတွေသည်ထပြေးလို့လည်းမရတာမလို့
ရင်တထိပ်ထိပ်ဖြင့်ထိုင်နားထောင်နေကြရသည်။

"ဒါဆို ငါသွားပြီနော်....."

"နင့်မေဂျာက ဝေးလို့ ငါပင်ပန်းမှာစိုးလို့
မလိုက်ရဘူးဆို ဒီနားတင် သင်္ချာကို လိုက်ခဲ့
ငါနဲ့အတန်းအတူလိုက်တက် ဆုဆို သင်္ချာပဲသင်နေတာ
နော် မိဆု...ဟုတ်တယ်မလား"

"ဟေ အေး...တစ်ခါတလေပေါ့ ....."

"တက္ကသိုလ်မှာ ရည်းစားမေဂျာလိုက်ပြီး
အတန်းမတက်ဖူးတဲ့လူမရှိပါဘူး ငါကလွဲရင်ပေါ့
အဲ့တာကြောင့် ရွေး သင်္ချာလား အင်္ဂလိပ်လား"

ဘာပျော်စရာမှလည်းမရှိတော့ဘူး။
ဘာရင်ခုန်စိတ်လှုပ်ရှားခြင်းတွေလည်းဤယောကျ်ား၏
မျက်နှာကိုကြည့်ကာမခံစားရတော့ဘူး။
အမြဲ လှောင်ပိတ်မွန်းကျပ်ကာ အနေကျပ်မှုတွေက
သာအထပ်ထပ်။

တစ်ချိန်လုံးပုံစံချထားခဲ့တာကိုဘာတွေအထွန့်တက်
ပြီးပြောင်းလဲချင်နေရတာလဲမပြောတတ်ပေမယ့်
စိတ်သည် မင်းရဲရင့်နှင့်ပတ်သတ်ပြီးတစ်ခုမှစုစည်း၍
ပင်မရတော့ပါ။အဓိကက ခုလို စောင်ပေ​ပေ ပုံစံအချိူး
တွေကြောင့်ဖြစ်သည်။

"အိမ်ပဲပြန်တော့မယ် ငါကျောင်းတက်ချင်စိတ်မရှိတော့ဘူး
မေမေ့ကို လာကြိုခိုင်းလိုက်တော့မယ်..."

မင်းရဲရင့်က ခြောက်ကပ်ကပ်တစ်ချက်ရယ်ကာ

"နောက်တာ ငါလည်းနင့်ကိုလိုက်ပို့ဖို့မအားပါဘူး
နင် ဘယ်လိုလေးများ လှည့်ထွက်မလဲကို
အသဲယားလို့လေနွေ.....ဦးနှောက်လေးက
ဂုဏ်ထူးတန်းသေချာနေတဲ့ ကျောင်းသူလို့မပြောရဘူး
ကောင်းလိုက်တာ..."

"ငါ သွားပြီ...."

နွေသည် ခပ်မြနိမြန်ပြင်ဆင်ပြီးနောက် ထွက်သွားတော့
မယ့်ပြုချိန်တွင် မင်းရဲရင့်သည်နွေ့ရဲ့လက်တွေကို
ဖျက်ခနဲဆွဲထားလိုက်တာမလို့ နွေသည် မကြည်မလင်
ပြန်ကြည့်လာတဲ့အခါ မင်းရဲရင့် နွေ့မျက်လုံးတွေကို
စူးစူးရဲရဲကြည့်လာလျှက်

"နွေ.....နင့်အမေကို ငါတို့ကြားထဲနင်ထည့်လာတိုင်း
ငါ ရပ်တန့်ပေးခဲ့တာတွေက ကြောက်လို့မဟုတ်ဘူးသိလား
ငါချစ်ဖို့ နင့်ကို မွေးပေးထားလို့ ကျေးဇူးတင်လို့
နင် ငါ့ကြောင့် အဆူခံရမှာစိုးလို့ အဲ့တာကိုလက်ကိုင်တုတ်
လို ခဏခဏ နင်သုံးမနေနဲ့.....နော်...သွားတော့"

နွေသည် ဆွဲထားသောလက်တွေကို ခပ်ကြမ်းကြမ်း
လွှတ်ချကာ ဆိုင်ထဲမှ ထွက်သွားခဲ့သည်။
ထွက်သွားသော ကျောပြင်အားစိုက်ငေးကြည့်နေသူသည်
တဖြေးဖြေး မျက်အိမ်တွေနီမြန်းလာသည်အထိ။

"ရဲကြီး....နင်တို့ က ဘယ်လိုကြီးတွေလဲ တစ်ခုခုဖြစ်နေကြ
တာလားဘယ်လိုအတွဲတွေလဲ...."

ကြည့်နေရင်းက နီမြန်းလာသောမျက်နှာနှင့်အတူ
ဆု ၏ မေးခွန်းကို မဖြေနိုင် ခုံမှထထွက်သွားကာ
ဆိုင်နောက်ဘက်သို့ဝင်သွားပြီး ရှင်းလင်းနေသော
အုတ်နံရံကြီးအား အချက်ပေါင်းများစွာပြေး
ထိုးတော့သည်။

"ဟဲ့ ဟဲ့ ဟဲ့!!!!ရဲကြီး....!!!!လာကြပါဦး!!!!"

"ဟေ့ကောင် သောက်ရူး ဘာတွေလုပ်ပြန်တာလဲ!!!!"

မကြီး၏ အော်သံကြောင့်သူငယ်ချင်းတွေအားလုံး
ပြေးဝင်လာတဲ့အခါသွေးစတွေသည်နံရံပေါ်များစွာ
စွန်းထင်းနေပြီးဖြစ်သည်။စိတ်လွတ်နေသောလူကို
ဝိုင်းဆွဲကြကာ တားဆီးကြတော့ လက်တွေမှရုန်းထွက်
သွားကာ ဆိုင်အပြင်သို့ ပြေးထွက်သွားတော့သည်။

_____။

"လွမ်းအခရာ လွမ်းအခရာ....ထတော့ ငါတံခါးပိတ်တော့မှာ"

လှုပ်ခါနှ်ိုးလိုက်မှ Chemistry စာသင်ခန်းအလွတ်၏
နောက်ဆုံးခုံတန်းတွင် Practical Examပြီးထဲက
အိပ်ပျော်နေသော အခရာ၏မျက်လုံးတွေသည်
ပွင့်လာသည်။

"အော် Eချူပ်....."

"Eချူပ် လုပ်မနေနဲ့ အိပ်နေလိုက်တာ မနက်ထဲက
စာမေးပွဲစာတွေကိုအတော်ပိုင်နေပြီထင်တယ်
အေးအေးလူလူလေး လာအိပ်နေတာ...."

"ညနေစောင်းသွားပြီလား..."

"၅နာရီ ထိုးနေပြီ ထထ သွားတော့
ဘာကောင်လေးမှန်းကိုမသိဘူး...."

အိပ်မှုံစုံမွှားဖြင့်ထကာ ပုဆိုးတွေဘာတွေပြင်ဝတ်လျှက်
လွယ်အိတ်ကိုသေချာလွယ်နေတော့ Eချူပ်သည်
အခရာ့ အား သေချာကြည့်လာကာ

"ဟေ့ကောင် မင်းမူးပြီးလာအိပ်နေတာလား
မျက်လုံးတွေဆိုတာ နီရဲနေတာပဲ...."

"မမူးဘူး ငို ထား တာ....."

"ဟေ ဘာဖြစ်လို့လဲ...."

"စိန်ပန်းပြာတွေ ခူးပေးစရာ မလိုတော့လို့"

"ဟမ် ဘယ်သူ့ကိုလဲ..."

"E ချူပ်ကို...."

"ဟေ ငါ့ကို ....ဟေ့ကောင် ဟေ့ကောင် လွမ်းအခရာ
မင်းနေမကောင်းဘူးလား ဆိုင်ကယ်လဲတာခေါင်းထိသွား
တာလား....ဟေ့ကောင်!!!

မူမမှန်နေသောမျက်လုံးနီနီတွေနဲ့လွယ်အိတ်ကို
ပုခုံးပေါ်ပစ်တင်သွားကာ ခေါင်းငိုက်စိုက်
ထွက်သွားသော အခရာ့အား Eချူပ်သည်
ဆက်တိုက်ခေါ်နေပေမယ့် ပြန်လှည့်မကြည့်တော့ပါ။

ကျောင်းသား/သူတွေမရှိတော့ တက္ကသိုလ်
တစ်ခုလုံးသည်တိတ်ဆိတ်ရှင်းလင်းသွားပြီ
ဖြစ်ကာအခရာသည် တစ်လှမ်းချင်းဖြေးဖြေး
လျှောက်လာနေသည်။

မငိုဘူးလို့ ကိုယ့်ကိုကိုယ်အတင်းအကျပ်
ချူပ်တည်းထားလည်း Bဆောင်ထဲက
ငိုသံတွေဟာ နားထဲဝေ့လည်လည်။

ဘာလို့ ညနေစောင်းဟာ အထီးကျန်နေရတာလဲ။
ဘာလို့ လေပြေတွေဟာအေးစက်နေရတာလဲ။
ဘာလို့ရယ်သံတွေမကြားရတော့တာလဲ။

မြင်ရုံနဲ့ ခံစားလို့ရတဲ့ သူ့မိန်းကလေးအပေါ်
ဘဝအစကနေလက်ရှိအထိသံယောဇဉ်မျက်ဝန်းတွေ
က ဘာလို့ အဲ့ဒီလောက်လှရသလဲ....။

ကြားရုံနဲ့ နာကျင်လို့ရတဲ့ သူ့မိန်းကလေးအပေါ်
ချစ်ခြင်းမေတ္တာစကားတွေဟာ မချိုသာပေမယ့်
ဘာလို့ အဲ့ဒီလောက် လှနေရပြန်သလဲ...။

ဘာမဟုတ်တဲ့ ကိုယ့်လိုကောင်ကိုတောင်
ပေးခဲ့သမျှက သေလောက်အောင်မက်မောစရာ
ကောင်းနေခဲ့တာ သူ့မိန်းကလေးကိုပေးသမျှဟာ
ဘယ်လောက်များ ခမ်းနားနေပါလိမ့်မလဲ...။

ယောကျ်ားတစ်ယောက်က မိန်းကလေးတစ်ယောက်
ကိုသွားယှဉ်ပြီးတွေးမိတဲ့အထိ သဘောထားသေးသိမ်
သွားမှု....ငါ့ကိုယ်ငါ ယောကျ်ားလို့လည်းမမြင်မိတော့ပါဘူး။
အလွန်ပျော့ညံ့ ပျော့ခွေနေတဲ့ အမှိုက်လိုကောင်ဖြစ်နေပြီ။

မျက်နှာတစ်ခုလုံးကိုပွတ်သပ်ကာ
ဆံပင်တွေကိုထိုးဖွလျှက် ခြေလှမ်းတွေသည်
အတွင်းဆောင်ဆီသို့အလွန်လေးလေးပင်ပင်။

နှုတ်ဆက်သွားတဲ့သူတွေရှိတယ်။
တစ်ယောက်မှပြန်မနှုတ်ဆက်မိခဲ့ဘူး။
ဘယ်သူတွေမှန်းလည်းမသိစွာ သစ်ရွက်ခြောက်
တွေအပြည့်နဲ့ ဓာတုဗေဒ ဌာနဘေးကမြေကွက်လပ်ထဲ
လှဲအိပ်ချင်စိတ်ပဲရှိနေခဲ့သည်။

လေထုထဲလွင့်မောနေသောသစ်ရွက်ခြောက်
တစ်ခုလိုခန္ဓာကိုယ်တစ်ခုလုံးသည်
လမ်းလျှောက်နေရင်းမျောနေပြီး
ကျောပြင်ငယ်သည် တက္ကသိုလ်လမ်းလေးပေါ်
အဲ့ဒီညနေကတရွေ့ရွေ့....။

_________။

"မနက်ကျရင် ကျောင်းအတူတူသွားမယ်
နင်ဆိုင်ကယ်နဲ့ပဲထွက်လာခဲ့ ငါလမ်းထိပ်ကစောင့်နေမယ်"

"အိမ်ကအခြေအနေအရပေါ့ အတိအကျမပြောတတ်ဘူး"

၉တန်းနှစ် ချစ်ကြိုက်ခါစထဲက ချိန်းစကားပြောတတ်သော
နွေ မုန့်ထွက်ထွက်ဝယ်သည့်ရက်ကွက်ထဲကမုန့်ဆိုင်
အနီးက လမ်းကြားလေးထဲ ၉တန်းတုန်းကလိုပဲ
မင်းရဲရင့်က စောင့်နေကာစကားပြောနေခြင်း။

နွေသည်အိမ်နေရင်း ဝမ်းဆက်လှလှလေးနှင့်ဟိုတုန်းက
အထက်တန်းကျောင်းသူလေးလိုမျိုးခံစားနေရတော့
မင်းရဲရင့်သည် နွေ့၏အဖြေကိုရန်စကားမျိုးထပ်၍
မပြောတော့ဘဲ ပြုံးလျှက်ကြည့်လာကာ

"နွေ..နင့်ကိုလေ ငါက ကိုးတန်းကျောင်းသူအရွယ်လေးမှာ
ရပ်ထားလိုက်ချင်တာ နင်က ပိုပြီးလှလာလေလေ
ပိုပြီး ပြောရဆိုရခက်လာလေလေပဲ..."

"နင့်သူငယ်ချင်းတွေနဲ့ငါတွေ့ပြီးပြီနော်
နင်နဲ့ငါ ပုံတွေ ယောင်ပြီးတောင် တင်ဖို့မစဉ်းစားနဲ့တော့"

"ငါ့ရည်းစားကို ငါ့သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးဖို့ကို
ချ်န်းခြောက်ထားရတာက တွေးကြည့်အဓိပ္ပာယ်တော့
သိပ်မရှိဘူး...."

"နင် ဘာလို့ အိမ်ပြန်လာလာအိပ်တာလဲ
ကျောင်းဘက်မှာပဲနေပါလား နင်ရက်ကွက်ထဲပြန်ပြန်လာရင်
သိပ်နားငြီးတာပဲ...."

"နင့်ကို တွေ့ချင်လို့....."

"........."

"ဘယ်တော့မှမနာနိုင်ဘူး ငါကသောက်မှတ်လည်းမရှိဘူးလေ"

မနက်ကမှဒေါသအဆုံးအထိနဲ့နံရံကိုသွေးထွက်အောင်ထိုးပြီး
ခုည သူမလာမယ့်လမ်းမှာဘာမှမဖြစ်ခဲ့သလိုပဲ
ထပ်စောင့်နေမိပြန်သည်။
ဝဋ်ကြွေးလို့လည်းခေါင်းစဉ်မတပ်ချင်ပါ။
ဒါမျိူးတွေကအကြိမ်ဘယ်နှရာလောက်ဖြစ်ပြီးပြီလဲ။
အဲ့တာကြောင့်လည်း ဒေါက်ဖိနပ်ဦးနဲ့ကိုဖိနင်းပြီးကို
နိုင်စားတာ။လူတွေက အနိုင်ပေးမိရင် တစ်သက်လုံးပဲ။

"အဆင်ပြေရင်ထွက်လာခဲ့မယ် မပြေရင်တော့မသိဘူး
စာမေးပွဲနီးနေပြီ နင်လည်းစာကျက်ဦး ကျနေမယ်"

"ငါနင်နဲ့ ၁၀တန်းအတူတူအောင်ထားတော့
ဘွဲ့လည်းအတူတူယူမှာပေါ့ နွေ ရာ နင်နဲ့ငါ
အမှတ်တရတွေက နည်းနည်းနောနောလား...."

နွေသည် ခေါင်းသာငြိမ့်ပြလာသည်။

"ငါသွားတော့မယ် နင်နားညီးတယ်ဆိုလို့
ကျောင်းဘက်ပဲသွားပြန်အိပ်တော့မယ်"

"အေး....."

"ဆံပင်တွေကို ပေါက်ကရတွေလျှောက်မလုပ်နဲ့နော်
ငါမကြိုက်ဘူး.....နင့်ကိုငါချစ်တာ ဒီဆံပင်တွေကြောင့်က
ထိပ်ဆုံးက သွားပြီ...."

ဖြောင့်စင်းနေသောဆံပင်တွေကိုထိခိုက်ပွန်းပဲ့ထားသော
လက်တွေဖြင့်ထိရုံဖွသွားကာလက်ပြနှုတ်ဆက်၍
သူကဆိုင်ကယ်ရပ်ထားရာနေရာဆီကိုထွက်သွားသည်။
နွေသည် ကျောခိုင်းသွားသောကျောပြင်ကို မိနစ်တွေအကြာကြီးအထိအမှောင်ထုထဲမှငေးကြည့်နေခဲ့သည်။

ထို့နောက် မုန့်ထုတ်လေးဆွဲကာအိမ်ဘက်သို့
ပြန်လာစဉ် အိမ်နှင့်မလှမ်းမကမ်းတွင်ရပ်ထားသော
ကားကိုတွေ့လိုက်ရတာကြောင့်နွေသည်မျက်လုံးတွေကျယ်သွားကာကားရှိရာသို့ခပ်မြန်မြန်ပြေးသွားခဲ့သည်။

နွေ့ကို မြင်သည်နှင့်ကားကိုမှီကာဖုန်းခေါ်နေပုံရသော
တေဇသူသည်နွေ့ထံကို ခပ်မြန်မြန်လျှောက်လာသည်။

"ဘယ်တွေသွားနေတာလဲ ကိုယ်ဖုန်းတွေခေါ်နေတာ
ခဏနေမှခေါ်မရတော့ရင် နွေ့ အိမ်ကိုမေးတော့မလို့...."

T Shirtအဖြူစွတ်စွတ်ဖြင့်ရှင်းသန့်မွှေးကြိုင်နေသော
တေဇသူသည် ရေချိုးပြင်ဆင်ပြီးထွက်လာပုံအရ
အလွန်ကြည့်၍ကောင်းနေပါ၏။ချမ်းသာကြွယ်ဝ
သောမိသားစုက သားတစ်ယောက်ဆ်ိုတာသိသာအောင်
ခေါင်းစခြေဆုံးသေသပ် သပ်ရပ်မှုများဖြင့်အပြည့်။

ဆွေးဆွေးမြေ့မြေ့စိတ်ခံစားချက်များသည်
တေဇသူကိုတွေ့တဲ့အခါ ချက်ချင်းဆိုသလို
လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပြီး
သူမကိုယ်တိုင်မသိလိုက်ခင်မှာတေဇသူထံခပ်မြန်မြန်
ပြေးသွားခဲ့ပြီးပြီဖြစ်သည်။

"မုန့်ထွက်ဝယ်တာပါ ဖုန်းအိမ်မှာထားခဲ့တာ
ဘာကို အိမ်ကိုမေးရမှာလဲ အဲ့လိုတွေမလုပ်နဲ့နော်
နွေ ဒုက္ခရောက်သွားလိမ့်မယ်"

"သိ လို့ ခဏ သည်းခံစောင့်နေတာပေါ့"

"ဘာဖြစ်လို့လဲ ဘာလို့ရောက်လာပြန်တာလဲ..."

"ညကျ စာကျက်ဖို့ Coffee လာပို့တာ
ရွှေမောင်းဘေးက ထိုင်းကော်ဖီလေ
အရမ်းကောင်းတယ် နွေကြိုက်မယ်ထင်လို့...."

"ကော်ဖီတစ်ခွက်နဲ့ကို တကူးတကကြီး"

"တစ်ခါမှမတွေးမိပါဘူး...."

တေဇသူ ပေးလာသော Coffee ခွက်လေးအား
နွေကယူလိုက်သည်။ တေဇသူသည် Coffee နံ့လေး
အား မွှေးကြည့်နေသော နွေ့ကိုစိုက်ကြည့်ကာ

"နွေ အဝါရောင်ဖဲကြိုးလေးက တကယ်ကိုပဲ
မစည်းတော့တာလား....အချိန်တွေအကြာကြီး
ကိုယ်နွေ့အနားအမြဲရှိလာတာ နွေ စိတ်နဲ့မတွေ့တဲ့
အရာတစ်ခုခုများရှိလို့လား ပြောလေ ကိုယ်ခုပြင်မယ်"

ပြင်စရာတစ်နေရာမှမရှိအောင် တေဇသူဟာ
တက္ကသိုလ်ကျောင်းသူ နွေ၏ သတ်မှတ်ချက်
အားလုံးပြီးပြည့်စုံနေသောယောကျ်ားဖြစ်သည်။

နွေသည် တေဇသူ၏ မျက်နှာချောချောအား
စေ့စေ့စပ်စပ်မော့ကြည့်ကာ ခဏနေတော့မျက်လုံးတွေသည်
မီးရောင်ထိန်ထိန်​လင်းနေသော မြင်နေရသော
၃ထပ်တိုက်ကြီးဆီသို့ပြောင်းသွားခဲ့သည်။
သူမအများကြီးစဉ်းစားတွေးတောနေပုံရကာ
နောက်ဆုံးတွင် တေဇသူအား ခပ်ပါးပါးလေးပြုံးပြလာသည်။

"တေဇသူလိုလူက ဘာပြင်စရာရှိမှာလဲ.....
အများကြီးမတွေးပါနဲ့...နွေ သွားတော့မယ်"

"နွေ......"

ဘာတွေခက်နေမှန်းမသိ။ခက်တာကိုမှလိုချင်တယ်
ဆိုလည်း ဤမိန်းကလေးသည် ခက်တာကိုစိတ်ကုန်
လာသည်အထိကိုခက်ပါသည်။ဒါပေမယ့်နွေဆိုတာ
ဘယ်လိုမိန်းကလေးမျိုးလဲဟုတွေးမိလိုက်တဲ့အခါ
ကိုယ့်ကိုကိုယ်အားပေးလျှက် ကားပေါ်ပြန်တက်ကာ
အသာအယာမောင်းထွက်သွားလိုက်သည်။

ညသည် လေပြေညှင်းတွေတသိမ့်သိမ့်။

________။

Bạn đang đọc truyện trên: AzTruyen.Top