အပိုင်း(၁၂)

New light ဆိုင်ရှေ့သို့အကောင်းစားကားတစ်စီးရပ်လာ
တဲ့အခါ ဆိုင်ထဲကတက္ကသိုလ်ကျောင်းသား/သူအများစု
သည်ဤကားဘယ်သူကားလဲဟုသိတာမို့အာရုံတွေ
ကားဆီစုပြုံရောက်လာကြသည်။

ကားတံခါးကိုဖွင့်ကာဆင်းလာသူသည်နှင်းဆီပန်းအနီရဲရဲ
ပန်းစည်းတစ်စည်းဖြင့်မှုန်တေတေမျက်လုံး
တွေနဲ့အတူမနက်စောစောတွင်မကြည်လင်နေပါ။
ဒဏ်ရာအနာတရတချိူ့သည်ကြည့်ကောင်းသည့်မျက်နှာ
အပေါ်အနှောက်အယှက်တို့ဖြစ်နေကာဆိုင်ထဲသို့
ဆံပင်တွေကိုထိုးဖွကာဝင်လာနေသည်။

NewLight သည် ၂၀၁၄ခုနှစ်ပိုင်းတွေတွင်
နာမည်အကြီးဆုံးကျောင်းပြင်ပကစားသောက်ဆိုင်
ဖြစ်ပြီး တက္ကသိုလ်ကျောင်းသား/သူတွေအများဆုံးထိုင်
တတ်ကြသည်။တဲအိမ်ကဲ့သို့ဝိုင်းတွေနှင့်သီးသန့်ရှိတတ်
ကာ ဟင်္သာတမြို့ခံလူများ အထူးသဖြင့်ငွေကြေးအားဖြင့်
ခပ်များများသုံးနိုင်သောကျောင်းသားများအချိန်ဖြုန်းရာ
နေရာတစ်ခုဖြစ်ခဲ့သည်။

ကျောင်းထဲလက်ချင်းချိတ်ရုပ်ရှင်ဆန်ပြီးခဲ့သော
အချိန်တွေကျော်လွန်သွားသည့်​နောက်နေ့တိုင်းသတ်ပုတ်
ပြဿနာတက်နေကြရသောစီနီယာရည်းစားအတွဲများ
အများစုချိန်းတွေ့ရာနေရာဖြစ်ပြီးဤဆိုင်တွင်ထိုင်လျှင်
ခေါတ်မှီသကဲ့သို့ရေပန်းစားခဲ့သည်။

အစားအသောက်များလည်းကောင်းမွန်ခဲ့ပြီး
အထူးသဖြင့်သပ်သပ်ရပ်ရပ်ရှိလှသည့်မလို့
အများစုရွေးချယ်ခဲ့ကြခြင်းဖြစ်နိုင်ပါ၏။
ကျောင်းနှင့်အနည်းငယ်အလှမ်းကွာပြီး
တက္ကသိုလ်ကျောင်းသား/သူများနေ့ညမပြတ်စည်ကား
ဆုံဆည်းရာ နေရာလည်းဖြစ်သည်။

"မြန်မြန်စားပြီးသွားရအောင်လင်္ကာ အတန်းစတော့မှာ"

"ဒီတစ်ချ်ိန်ပျက်လိုက်ပါလားနွေရယ်..."

"ဘာလို့လဲ စားလို့လည်းပြီးနေပြီကို...."

"ဟို ငါ......"

"Sorry လင်္ကာ ငါနည်းနည်းနောက်ကျသွားတယ်"

နွေသည် လင်္ကာ၏အဖြေကိုစောင့်နေတုန်း
ဝိုင်းဆီရောက်လာသော တေဇသူကြောင့်
မျက်လုံးတွေဝိုင်းခနဲ....။

"ဘယ်လို ဖြစ်ပြီး...."

"ငါခေါ်လိုက်တာ နွေ တေဇကနင်နဲ့မနက်စာ
အတူစားချင်လို့ဆိုလို့...."

နွေရဲ့ဘေးနားဝင်ထိုင်လိုက်သူကြောင့်
နွေသည်အလွန်နေရခက်သွားပုံပေါ်ကာ
စိတ်လှုပ်ရှားသွားဟန်လည်းရှိသည်။

"ငါ့ကို မေးဦးမှာပေါ့ လင်္ကာရဲ့..."

"ကိုယ်ရောက်လာတော့ ဘာဖြစ်လို့လဲ နွေ့အတွက်
ပြဿနာတစ်ခုခုဖြစ်သွားလို့လား..."

"ပြဿနာရယ်လို့မဟုတ်ပေမယ့် ဘာပဲဖြစ်ဖြစ်
ပြောရမှာပေါ့..."

"ငါ ဟိုဘက်ဝိုင်းမှာအသိတွေတွေ့လို့ခဏသွားလိုက်ဦးမယ်"

"ဟဲ့ လင်္ကာ!!!"

ပထမနှစ်တစ်နှစ်လုံးနွေ့တွင်အပေါင်းအသင်း
မယ်မယ်ရရမရှိပါ။တွေ့ရာလူနှင့်မပေါင်းတတ်ဘဲ
တစ်ယောက်ထဲဖြာနေခြင်းကပို၍ပေါ်လွင်နေသည်ဟု
ထင်တာမလို့တစ်ယောက်ထဲသာဖြတ်သန်းခဲ့သည်။

ဒုတိယနှစ်အရောက်မှလင်္ကာနှင့်တွဲမိပြီးလင်္ကာသည်
သူမအကြိုက်ကိုလိုက်နေတတ်ကာ သူမအပေါ်
ဘယ်တော့မှမသွေဖယ် သူမကိုအမြဲချီးကျူးပြီး
အလိုက်အထိုက်ပေါင်းသင်းသူမလို့နွေသည်
လင်္ကာနှင့်ဆက်ဆံရေးတည်မြဲနေသည်။
ယခုလည်း တေဇသူနှင့်ဆက်တိုက်အရောက်ပို့နေပြီး
သူမကို ပြစ်ချက်မရှိသော ဤကျောင်းသားနှင့်
အဆင်ပြေစေချင်သည့်စိတ်ကိုသိသာစွာမြင်နေရသည်။

"ဘာကိုမနက်စာအတူစားချင်တာလဲ
အဲ့လောက်ခင်မင်နေကြတာမျိုးလည်းမဟုတ်ဘဲ
လင်္ကာနဲ့ပေါင်းပေါင်းပြီး ဘာလို့နွေ့က်ိုအမြဲအခက်တွေ့စေတာပဲ"

သိမ်မွေ့သောအပြုအမူတွေမှာလည်းမက်မောလောက်စရာ
သိပ်လှသလို....ငြူငြူစူစူရန်တွေ့ချိန်များမှာလည်း
နွေက ရင်ထဲကလိပ်ပြာတွေပျံသန်းသွားအောင်
ဆန်းကြယ်မှုဖြင့်ချစ်စရာကောင်းတတ်သူဖြစ်သည်။
ယခုလည်းမျက်စောင်းပါးပါးဖြင့်ရန်တွေ့လာဟန်တွင်
တေဇသူ၏မျက်နှာသည် ချက်ချင်းဆိုသလိုပြုံးယဲ့ယဲ့
ဖြစ်သွားသည်။

"မြင်တာနဲ့ကို ရန်တွေ့နေတော့တာပဲ...."

"နွေ အတန်းရှိတယ် တေဇသူကရော ကျောင်းမတက်ဘူးလား"

"ကိုယ်နေမကောင်းဘူး ကြည့်ဦး တစ်ကိုယ်လုံးဒဏ်ရာတွေ"

ပူထူနေ၍မမြင်မိသော ဒဏ်ရာဒဏ်ချက်တွေကို
သူပြလာမှ နွေတွေ့လိုက်ရသည်။မေးရိုးတွေမှာ
စုတ်ပြတ်နေပြီး လက်တစ်ဖက်သိသိသာသာရောင်ကိုင်း
နေသည်။

နွေသည် ငြူစူနေသောမျက်လုံးတွေမှအံ့ဩသွားတဲ့
အကြည့်တွေဆီချက်ချင်းပြောင်းလဲသွားပြီး
ဒဏ်ရာတွေကိုသေချာစွာကြည့်လာတဲ့အခါ
တေဇသူက နွေ့မျက်လုံးတွေကိုမဆုံဆုံအောင်
လိုက်ကြည့်ပြီး

"သနားသွားပြီမလား....မနှင်ထုတ်တော့ဘူးမလား"

"ဘာဖြစ်တာလဲ ...."

"ရန်ဖြစ်တာ....."

"တေဇသူက ရန်ဖြစ်တတ်တယ်လား"

"ယောကျ်ားလေးပဲကွာ....."

ပြောနေရင်းစားပွဲထိုးလေးအားခေါင်းငဲ့လျှက်
ခေါ်လိုက်ကာ သူကမနက်စာမှာနေသည်။

"နွေ ဘာထပ်စားဦးမလဲ....."

"ဟင့်အင်း တော်ပြီ သွားတော့မှာ...."

"နွေ Coffee မသောက်ရသေးဘူးမလား ညီလေး
Coffee ပေးနော်...."

"ဟုတ်ကဲ့ အစ်ကို"

စားပွဲထိုးထွက်သွားသည်နှင့်တေဇသူသည်
နွေ့မျက်နှာကို သေချာစွာစူးစိုက်ကြည့်လာကာ

"စာသင်ချိန်တစ်ချိန်လေးပါပဲ ပြီးရင်Tutorial ရှိတာ
ကိုယ်သိတယ် တကယ် နွေနဲ့ မနက်စာအတူစားချင်လို့ပါ
ပြီးတော့ ဒီနှင်းဆီတွေ မနက်အစောကြီးမှအစောကြီး
ဆောင်းရာသီအနာတွေနာကျင်နေတဲ့ကြားက အလက်ဆတ်ဆုံး
အလှဆုံးတွေကိုရှာဝယ်ပြီးစည်းလာတာ နွေ့အတွက်"

ကြီးမားသည့်ကတ္တီပါရောင်နှင်းဆီပွင့်ကြီးတွေနှင့်
ပန်းစည်းသည်နွေ့မျက်စိရှေ့သို့ရောက်သည်။
မိန်းကလေးပီပီပန်းတွေတွေ့တဲ့အခါလက်ခနဲဖြစ်သွား
သောမျက်လုံးတွေနှင့်ချက်ချင်းခေါက်သိမ်းလိုက်သော
မျက်လုံးတွေသည်စက္ကန့်ပိုင်းလေးအတွင်း။

"ဘာလုပ်ဖို့လဲ နွေ့အတွက်ဆိုရင်တော့လုံးဝမလိုဘူးနော်
ပန်းစည်းပေးစရာ နွေနဲ့တေဇသူကြားဘာအကန့်မှာလည်း
မရှိဘူး"

"အကန့်တွေရှိချင်လာလို့လေ...နွေက ကိုယ့်မျက်လုံးထဲ
နှင်းဆီပန်းရဲရဲလေးတစ်ပွင့်လိုပဲ ခံစားနေရလို့ ဒါပေမယ့်
နွေက ပန်းတွေထက်ပိုလှတယ်...."

နီရဲသွားသော နွေ့မျက်နှာသည် နှင်းဆီရောင်တွေသန်း
သွားသည်။ တေဇသူလိုယောကျ်ားတစ်ယောက်၏
အလေးအနက်ထားမှုဦးစားပေးမှုပန်းကလေးတစ်ပွင့်နှင့်
လှပစွာနှိုင်းယှဉ်ခြင်းအပေါ်မှာ နွေသည်လုံးဝမနေတတ်
တော့စွာ လက်သည်းရှည်တွေအားကုတ်ခြစ်နေသည်။

နွေ့ကို သူတကယ်သဘောကျပါ၏။သူ့စံချိန်သူ့စံညွှန်း
သူလျှောက်မယ့်လမ်းဆီလိုက်ဖက်ညီညီလိုက်နိုင်မယ့်
အလှရော ထက်မြတ်မှုရော မိဘအသိုင်းအဝိုင်းကအစ
ပြီးပြည့်စုံသူသည်နွေဖြစ်သည်။ကျောင်း၏နတ်သမီး
တစ်ပါးလိုကျောင်းသူအများစုငေးမောအားကျရသည့်နွေ။
မချဉ်းကပ်ချင်ပါဘူးဆိုတဲ့ကျောင်းသားမရှိအောင်
သိမ်မွေ့နူးညံ့လှပလွန်းတဲ့နွေ။ ပြစ်ချက်တစ်ခုမှမရှိ
ခေါင်းစခြေဆုံးလှပသော ဂုဏ်သတင်းတွေနဲ့ကြွရွနေတတ်သော
နွေ့ကို သူသိပ်ရင်ခုန်ခဲ့ရသည်။

"တစ်ခုခုပြန်မပြောတော့ဘူးလား ..."

"ဘာပြန်ပြောရမှာလဲ....."

"ဟော Coffee ရလာပြီ...."

နွေ့ရှေ့ကို စားပွဲထိုးလေးက Coffee ခွက်လေးအား
ချပေးလိုက်သည့်အခါ တေဇသူသည်သူ့ဘက်ကို
ဆွဲယူသွားသည်။

"ကိုယ်ဖျော်ပေးမယ်..."

သေချာစွာပြင်ဆင်ပေးပြီး တစ်သျူးအနည်းငယ်
ထုတ်ကာသုတ်ဖို့အဆင်သင့်ချပေးလျှက်
Coffee ခွက်အားအသာအယာနွေ့ဘက်ကိုချပေးလိုက်
သူသည် ခခယယမျက်လုံးအိမ်တွေဖြင့်။

"သေအောင်ဂရုစိုက်ခံရတာဟေ့ မထင်ရဘူး
တေဇသူက လုံးဝကိုမထင်ရဘူး ခုချက်ချင်းရည်းစား
ကောက်ထားချင်စိတ်ပေါက်လာအောင်ကိုခယနေတာ"

၂ယောက်လုံးကိုသိနေသော အင်္ဂလိပ်စာမေဂျာမှ
ကျောင်းသူများသည်အားမနာစတမ်းလှမ်းကြည့်
စပ်စုကာပွင့်လင်းစွာပြောကြသည်။

"ပန်းစည်းကယူမယ်မလား မယူရင်ဒီနားက
အမှိုက်ပုံပစ်ခဲ့လိုက်မလ်ို့"

"နှမြောစရာကြီးကို အဲ့လိုတော့မလုပ်ပါနဲ့..."

"အဲ့တာဆိုယူလေ"

"ယူ ဖို့ကျတော့လည်း....."

"ကိုယ်မိုးမလင်းခင် ထပြီးဦးဦးဖျားဖျား
အလှဆုံးအပွင့်တွေရွေးခဲ့တယ်ဆိုတာနဲ့သနားပြီး
ယူလိုက်လို့မရဘူးလား"

မငြင်းဆန်ချင်နေသည့်စိတ်သည်နှင်းဆီတွေ
အစွမ်းကုန်လှလွန်းနေလို့ရယ် ပေးတဲ့သူ၏
အားထုတ်ကြိုးစားမှုရယ်ကြားနွေသည်လုံးဝ
တိတ်ဆိတ်သွားသည်။

"ဘာမှပြန်မပြောပုံအရတော့ လက်ခံလိုက်တာပဲ"

"နောက်တစ်ခါ ...နောက်တစ်ခါတော့ ဒီလိုမျိုးတွေ
မလုပ်လာနဲ့တော့နော်...."

"နွေ သိပ်မလှပြနဲ့ပေါ့..."

"အဟွတ်!..."

Coffee သောက်နေရင်းမှ ယဉ်စစတက္ကသိုလ်ကျောင်းသူ
လေးသီးသွားရတော့သည်။တေဇသူသည်တစ်သျှူး
တချို့အမြန်ယူလိုက်ကာနွေ့ကိုကမ်းပေးတော့
မိတိကပ်ပါးပါးလေးနှင့်မျက်နှာသည်အဆုံးအထိနီရဲနေပြီ
ဖြစ်သည်။ သန့်စင်ပြီးနောက်တစ်သျှူးတွေကိုပစ်ချလိုက်ကာ

"ပေါက်ကရတွေ ထထမပြောစမ်းပါနဲ့..."

"ရန်တွေ့ရင်ကျ တကယ်မလှတော့ဘူး"

"ဝေဖန်ရေးလား..."

"ရန်တွေ့ရင်ကျ ချစ်စရာအရမ်းကောင်းနေတာ..."

နွေသည် ဒုတိယအကြိမ်ရှက်ပြုံးပြုံးလေး
တစ်ချက်ထပ်ပြုံးမိကာ ယောင်ယောင်ယမ်းယမ်း
ဖြင့်Coffee တွေဆက်တိုက်သောက်မိခဲ့သည်။

စိတ်လှုပ်ရှားခြင်းဆိုတာဒီလိုလား ဂယောင်ကတမ်း
တွေဖြစ်နေသော်လည်းစိတ်မညစ်မိခဲ့သော
ဤအခိုက်အတန့်တွေဟာ တေဇသူ၏ ဂရုစိုက်မှု
စကားလုံးအသုံးအနှုန်းတွေ ခခယယအပြုအမူတွေ
တွင် နွေသည် အခွင့်ထူးခံလူတစ်ယောက်လိုခံစားနေခဲ့ရသည်။

လင်္ကာသည် ယောင်လည်လည်ဖြင့်ပြန်ရောက်လာ
တော့ နွေသည် ချက်ချင်းပြန်ဖို့ကိုပြင်ဆင်တော့သည်။

"Tutorial ချိန်နီးပြီမလို့ သွားတော့မယ်"

"ကောင်းပါပြီ....ညကျ ကိုယ်ဖုန်းဆက်လိုက်မယ်
ကိုင်နော် မကိုင်ရင် အိမ်ရှေ့လာခဲ့မှာ...."

နွေသည် ဘာမှတုံ့ပြန်မှုမရှိ လင်္ကာအားဆွဲခေါ်ကာ
နှင်းဆီပန်းစည်းကြီးပိုက်လျှက်ဆိုင်ထဲမှအပြေးတပိုင်း
ထွက်ပြေးသွားတော့သည်။

တေဇသူသည် ဆိုင်ကယ်မောင်းထွက်သွားသည်နှင့်
လွင့်ခနဲဖြစ်သွားသော နွေ့ဆံနွယ်အရှည်တွေကို
ငေးကြည့်လျှက် ပြုံးနေခဲ့သည်။

____။

မိုးချူပ်စ၏အတွင်းဆောင်ညနေဖြစ်ပါသည်။
အခရာသည် ချစ်သူလမ်းကြားတွင်ရန်ဖြစ်ခဲ့ပြီး
ဒဏ်ရာတွေနဲ့ပြန်လာတဲ့ညပြီးထဲကဆက်တိုက်ဆိုသလို
စာတွေကျက်နေပါ၏။

ရှိသမျှအတန်းတွေအားလုံးကိုအလွတ်မရှိ
တက်နေကာအတန်းအားသည်နှင့်အဆောင်ပြန်ပြေးလာ
စာကျက်နေသည်။ကျက်စရာမရှိလျှင်စာအုပ်တစ်အုပ်
ဖတ်နေပြီးပြီးဆုံးသွားလျှင်နောက်တစ်အုပ်ကို
ကောက်ကိုင်ပြီးဖြစ်သည်။

တွေ့နေကျ လူများအားသိသိသာသာကြီးရှောင်နေတာ
မျိုးမဟုတ်တောင်အရင်ကလိုအမြဲအတူမရှိတော့ဘဲ စာမေးပွဲ
နီးလာခြင်းနှင့်အတူ အထူးတလည်စာတွေကိုသာအချိန်ပြည့်
ကျက်နေခဲ့သည်။

"အခရာ....မင်းကိုမေမြတ်ကကျူရှင်အချိန်စာရင်းငါနဲ့
တဆင့်ပေးလိုက်တယ်"

"အင်း....."

စာကြည့်စားပွဲတွင်နည်းနည်းမှတောင်နားချိန်မယူဘဲ
တွက်ချက်နေသောအခရာကို
မြတ်သူသည်အိပ်ရာပေါ်မှလှမ်းကြည့်ကာ
စကားပြောနေခြင်းဖြစ်သည်။စကားပြောနေသော်
လည်းအခရာသည် လုံးဝစိတ်ဝင်စားမှုမရှိ
ပြီးစလွယ် အင်းကလွဲ၍ဘာမှပြန်မပြောနေပါ။

"မေမြတ်က မင်းကိုအသေးစိတ်ဂရုစိုက်နေတာပဲ"

"အင်း......"

နောက်ထပ်ပြီးစလွယ် "အင်း"တွင် မြတ်သူသည်
ပို၍စူးရဲသောမျက်လုံးများဖြင့်အခရာ့အားကြည့်လာကာ

"မင်းက်ို မေမြတ်က ကြိုက်နေတာထင်တယ်..."

"အင်း......."

စာရွက်တစ်ရွက်ကိုလှန်လ်ိုက်ရင်းက မြတ်သူ
ဘာပြောမှန်းတောင်သိမည့်ပုံမပေါ် ထပ်ချလိုက်သော
"အင်း"တွင် မြတ်သူသည် တစ်ယောက်ထဲ
ခေါင်းတဆက်ဆက်ငြိမ့်လိုက်ပြီး

"ဟိုနေ့က ဆိုင်နောက်ဘက်မှာ မင်းနဲ့ကိုရဲရင့်ဘာလုပ်နေတာလဲ"

လှန်နေသောစာရွက်တိခနဲရပ်ကာဒိုင်းခနဲ
ကြည့်လာပြီဖြစ်သောမျက်လုံး...။ဒါပဲလေ။
လိုချင်တာသည်ဤအရာဖြစ်ပါ၏။
တချို့အရာတွေကအရမ်းကြိုးစားနေစရာမလိုဘူး။
စိတ်လှုပ်ရှားသွားမှုတို့အပြည့်နဲ့မလုံမခြုံအကြည့်
တွေသည် သူ့အပေါ် လုံးဝစူးစူးရဲရဲကြီး။

သူတို့ကိစ္စကိုယ်နဲ့မဆိုင်ဘူးဟုထားလ််ိုက်လို့ရတယ်
ဆိုပေမယ့် ဤအရာသည် သူနှင့်ဆိုင်နေသည်ဟုထင်သည်။
အခရာသည် သူ့ပထမဆုံးတက္ကသိုလ်သူငယ်ချင်း
အခန်းဖော်ဖြစ်နေသည်။

အထက်တန်းတုန်းထဲက အောင်သွယ်ရခြင်းကို
အလွန်ဝါသနာပါကာ ဘယ်သူနှင့်ဘယ်သူသည်
မရိုးသားကြောင်းကြည့်ရုံနှင့်သိသည့်စွမ်းအားတွေ
သူ့မှာရှိခဲ့သည်။ထိုလူတွေကိုအဆင်ပြေအောင်
စေ့စပ်ပေးရခြင်းကိုလည်းအလွန်အားပါလှပြီး
ချစ်နေတဲ့သူတွေကို ချစ်သွားစေချင်သည့်စေတနာသည်
စိတ်ထဲအပြည့်။

နှစ်ယောက်လုံး၏အနေအထိုင်မတတ်မှုတွေနဲ့
သူတစ တစ ဆက်တိုက်ခံစားလာရသောအာရုံတွင်
ကြည့်မနေနိုင်တော့ပါ။ ဆိုင်နောက်မှာတွေ့ခဲ့သော
မြင်ကွင်းသည် အာခေါင်ခြစ် အော်ရလောက်အောင်
လှပလွန်းနေတာမလို့ အခရာသည်  "ဘာလဲ"ဆိုတာကို
သူသေချာသိချင်လာပြီဖြစ်သည်။

"ဘာလုပ်နေလို့လဲ...."

"မင်း အဲ့ဒီနေ့က ကိုရဲရင့် ရင်ခွင်ထဲမှာငိုနေတာလေ..."

"မငိုရဘူးလား...."

ပြန်မေးလာသောမျက်လုံးတွေသည်စိန်ခေါ်နေသလို
မှင်သေသေပြတ်ရှရှ။မြတ်သူသည်အနည်းငယ်ပင်
တွန့်ဆုတ်သွားသည်။

"တစ်မျိုးကြီးပေါ့ မြင်လိုက်ရတော့ ...."

"ဘောပွဲရှုံးလို့လို့ ပြောတယ်လေ အဲ့နေ့က
သူ မင်းကိုဖြေခဲ့ပါတယ်"

"မင်း ဘယ်အသင်းရဲ့ ပိရိသတ်လဲ....."

မဖြေနိုင် တွေသွားသည့်မျက်လုံးတွေ။
မေဂျာဘောလုံးပွဲတောင်ခြေတစ်လှမ်းမရွှေ့တဲ့
လွမ်းအခရာမဟုတ်ဘူးလား။

"မြတ်သူ မင်း ဘာဖြစ်ချင်နေတာလဲ..."

"ငါတို့ဟင်္သာတမှာဘောပွဲရှုံးလို့ ဘယ်ကောင်မှ မ
ငိုတတ်ကြပါဘူးအိမ်ပဲ ပိုက်ဆံလှမ်းလိမ်တောင်းကြတာ
တောင်ကြီးကအဆင်တွေက ငိုတတ်ကြတယ်လား"

မြတ်သူ ဒီမေးခွန်းကိုသူ့ကိုမေးဖို့ရန်အဲ့ဒီနေ့ပြီးထဲက
နည်းအမျိုးမျိုးနဲ့ကြိုးစားနေမှန်းသူသိသည်။
မမေးနိုင်အောင်မဆုံအောင်ရှောင်ဖယ်နေပေမယ့်
ဒီနေ့တော့တည့်တည့်တိုးခဲ့လေပြီဖြစ်သည်။

တကယ်တမ်းမေးလာချ်ိန်မြတ်သူ၏မေးခွန်း
မြတ်သူ၏စကားလုံးတွေတွင်
စိတ်မလုံခြုံခြင်း စိတ်လှုပ်ရှားလာခြင်း
နှလုံးခုန်သံတွေမြန်လာပြီး အမှားတစ်ခုမှမလုပ်ထား
မိပါပဲ သူကိုယ်တိုင်က ကြက်ခြေခတ်ကြီးလို
ဖြစ်လာကာချက်ချင်းတဖြေးဖြေး
သေးငယ်လာသလိုခံစားရသည်။

"မင်း ဘာကိုသိချင်ပြီးမေးနေသလဲတော့ငါမသိဘူး
ဟုတ်တယ် ဘောပွဲရှုံးလို့မဟုတ်ဘူး
ဒါပေမယ့် မင်းသိထားရမှာက မင်းတိမ်းညွှတ်နေတဲ့
စိတ်အပေါ်မူတည်ပြီး ငါ့ကိုမကြည့်နဲ့ မြတ်သူ
ငါက ပုံမှန်ပဲ ငါတစ်ခုခုကိုအဆင်မပြေလို့
အဆင်ပြေတဲ့နေရာ ငိုခဲ့ရုံ မြင်ကွင်းက အမြင်မတော်ခဲ့ဘူးဆိုရင်
မင်းခေါင်းထဲက ခုထုတ်ပစ်လိုက်..."

ပြင်းထန်လွန်းတဲ့တုံ့ပြန်မှုတွင်မြတ်သူသည်
လွန်စွာအံ့ဩသွားရသည်။

"စကားပြောတာရင့်လှချည်လားဟဲ့!"

"မင်းသူနဲ့ပတ်သတ်ပြီး ငါ့ကိုစကားပြောတိုင်းရိနေတာ
ငါသိတယ် အဲ့တာကြောင့်အပြတ်ပြောပြတာ
ငါကဘာကြောင့် ဘာစိတ်မလို့ ကျောင်းသားတစ်ယောက်ကို"

"ဟယ် ငါစွပ်စွဲနေလို့လား ကျောင်းသားတစ်ယောက်ကို
ဖြစ်နေတော့ရော ဘာဖြစ်လို့လဲ ဘဝပျက်သွားမယ့်
ကိစ္စမလို့လား ဒီလောက် အထိမခံဖြစ်နေရအောင်
ငါတို့တိမ်းညွှတ်မှုတွေက ဘာဖြစ်နေလို့လဲ...."

"မင်းတို့ကို ငါမပြောဘူး ငါတစ်ခါမှမဝေဖန်ဖူးဘူး
ငါ့ကိုလည်း လာမေးခွန်းမထုတ်ဖို့ ပြောနေတာ
ဒီတိုင်း နေ့တိုင်းသွားလာခင်မင်နေကြတဲ့ဆက်ဆံရေး
တွေ တမျိုးတမည်ဖြစ်အောင် မင်းမဟုတ်တဲ့မျက်လုံး
တွေနဲ့ အမြဲလိုက်ကြည့်နေတာမဟုတ်ဘူးလား"

"ဘာ...!ငါကအမြဲ လိုက်ကြည့်တယ်.....မထော်တွေမပြောနဲ့နော်
လွမ်းအခရာ..."

လိုက်ကြည့်နေတာမဟုတ်ဘဲ မျက်လုံးထဲကို
ဝင်ဝင်လာကြတာဖြစ်ကြောင်း ဒီကောင်လေးကို
ဘယ်လိုပြောပြရပါ့မလဲ။

"စာမေးပွဲနီးလာပြီ မင်း စာတွေကိုပဲအာရုံစိုက်လို့မရဘူးလား
စာတွေခေါင်းထဲထည့်လို့မရရတဲ့ကြားထဲ အာရုံပဲ..."

"မင်းတို့ဖက်ငိုနေတဲ့ကိစ္စကိုပဲသိချင်နေတာမဟုတ်ပါဘူး
မင်းအရမ်းငိုနေတဲ့ကိစ္စကိုလည်းခုထိမေးမရလို့စိတ်ပူလို့ပါ
မေတ္တာတွေကို ကျပ်ကျပ်စော်ကားသိလား မြေမြိုမယ်!!!"

"မြို မြို!!"

စာအုပ်တွေကိုကြမ်းတမ်းစွာပိတ်ပစ်ကာသူ့ကိုဘာမှပြန်
ပြောခွင့်မပေး တစ်ဖက်သတ်ကြီးပြောဆိုကာ
ထွက်သွားသောကောင်လေးသည်တစ်ဖက်သတ်သော
ဒေါသတွေဖြင့်။

နေဝင်သွားပြီဖြစ်တဲ့မှောင်ရီပျိုးပျအချိန်တွင်
သတိလက်လွတ်ဘဲအဆောင်အပြင်သို့
တစ်ယောက်ထဲလျှောက်လာမိကာ
ခြေဦးတည့်သွားမိရင်းခေါင်းသည်စာလစ်ဟာ
သွားပြီဆိုတာနှင့်အတွေးတွေတရစက်ဝင်လာတော့သည်။

"မငိုရဘူးလား"လို့ မြတ်သူကိုစိန်ခေါ်မေးခဲ့ပေမယ့်
အဲ့ဒီအခိုက်အတန့်အကြောင်းပြန်တွေးမိတိုင်း
အကြောင်းပြချက်ပေါင်းစုံဖြင့်သူ့ကိုယ်သူကာကွယ်ကာ
ဘာမှမဟုတ်တဲ့ကိစ္စတစ်ခုလိုကျော်ပစ်နေရသည်က
အချ်ိန်တိုင်းဖြစ်နေပြီ။

ရန်ဖြစ်တဲ့ညကသတိလက်လွတ်မျက်နှာတစ်ခုကို
မော့ကြည့်မိခဲ့တဲ့ဖြစ်ရပ်နဲ့ကဗျာတွေစီကာတွေးမိခဲ့လေသော
အတွေးတွေ။ ကဗျာတွေဟာ ဘဝ၏ရူးသွပ်ရခြင်း
အစိတ်အပိုင်းတွေထဲကတစ်ခုမို့ လူတစ်ယောက်အကြောင်း
ကိုကဗျာဆန်ဆန်တွေးမိပြီဆိုခြင်းသည်
တွေးနေသည့်အချိန်တုန်းကမျောနေပေမယ့်သတိဝင်လာတဲ့အခါ
သူ့ကိုယ်သူများစွာ ထိန့်လန့်သွေးပျက်ရခြင်းကိုဖြစ်စေခဲ့သည်။

အတွေးသမားတွေဟာ အရာရာတိုင်း မြင်ရာတိုင်း
လှပနေတိုင်းလည်းမတွေးတတ်ကြဘူး။
သူတို့နှလုံးသားကသေချာစွာခံစားလိုက်ရတဲ့အရာတွေကိုပဲ
လှပသောစကားလုံးများဖြင့်ခြယ်သကာမှတ်ဥာဏ်တွေကို
ခေါင်းထဲမှာသိမ်းထားတတ်သလို စာအုပ်တွေမှာရေးပြီးသိမ်း
ထားတတ်သည်။သက်ရှိသက်မဲ့ဘယ်အရာကိုပဲဖြစ်ဖြစ်
သူတို့ စာစီကာသိမ်းလိုက်မိပြီဆိုလျှင်ထိုအရာသည်
သူတို့ဘဝ၏ လေးနက်လွန်းတဲ့မှတ်ဥာဏ်တစ်ခုဖြစ်သွားတတ်
သည်။

ထိုအခြေအနေအထိကိုဆိုးဝါးလာလွန်း၍
သင်္ချာကျောင်းသားများနှင့်တတွဲတွဲ
အခိုက်အတန့်များအားလျှော့ကာခေါင်းထဲ
မူမမှန်သည့်မည်သည့်အတွေးမှမဝင်တော့အောင်
စာမေးပွဲခေါင်းစဉ်တပ်လျှင်စာတွေကိုသာ
ဆက်တိုက်ကျက်နေခြင်းကိုမြတ်သူသည်
နှောက်ယှက်လိုက်လေပြီ။

အမှောင်ထုအုပ်စိုးလာသောအချိန်တွင်
အဆောင်နှင့်ခပ်လှမ်းလှမ်းတွေ့ရာလမ်းဘေးနေရာ
တစ်ခုတွင်ထိုင်လိုက်ပြီးဘောင်းဘီအိတ်ထဲ
ထည့်ယူလာသောဖုန်းအားထုတ်လိုက်ကာ
ဖုန်းနံပါတ်တစ်ခုဆီသို့ခေါ်လိုက်သည်။

"အေး ဇန်.....ငါ အခရာ...."

"အခရာ တကယ်အခရာ ဟေ့ကောင်
မင်းငါတို့ကိုဘာလုပ်သွားတာလဲ!!!!"

"ဘာလုပ်လို့လဲ...."

"ဘာလုပ်လို့လဲ ဟုတ်လား...."

"ငါ စိတ်တွေရှုပ်လို့ ဖုန်းနံပါတ်ပြောင်းလိုက်တာပါ
တောင်ကြီး ကအသိတွေဖုန်းဆက်တာတွေဆိုစိတ်ရှုပ်လို့"

"မင်းကွာ ငါတို့တွေ စိတ်ပူနေတာကွ မင်းအဆင်မှပြေရဲ့လားလို့"

"ပြေတယ် အေးဆေး...."

"ပြောလိုက်ရင် အဲ့အချိုးပဲ....."

"ငါမင်းကိုပြောစရာရှိလို့ မင်းဖုန်းပြောလို့အားလား"

"ထုံးစံအတိုင်း လိုရင်ဖုန်းဆက်လာပြီပေါ့
လိုသုံးလေးနေရာကို အမြဲအသက်သွင်းပေးတဲ့
လွမ်းအခရာကို အမြဲကျေးဇူးတွေတင်နေရတာ
အားပါတယ် ခင်ဗျ ...."

"ငါတိုတိုနဲ့လိုရင်းပြောမယ်..."

"ပြော....."

"ငါဟင်္သာတမှာ အပေါင်းအသင်းတွေရလာတယ် ဇန်
ငါနဲ့ နှစ်တော့မတူဘူး Second Yearက
စီနီယာတွေ ရန်ပွဲတစ်ခုမှာအတူတူထိုးကြရင်းတွဲမိတာ
အဲ့စီနီယာတွေထဲက စီနီယာတစ်ယောက်နဲ့
ကငါနဲ့ ခင်တာကွာ ဒီတိုင်းဘော်ဒါအပေါင်းအသင်းပဲ
သူကလည်းပေါ့ပေါ့ပါးပါးနဲ့ခင်စရာကောင်းနေတော့
ငါ့အတွက်သိပ်ဝန်ထုပ်ဝန်ပိုးမဖြစ်ဘူး"

"ငါအမှန်အတိုင်းပြောရရင်
သူ့ကို တကယ်ခင်သွားတယ်ကွာ ငါတစ်ယောက်ထဲ
လေလွင့်နေတာ ခုနောက်ပိုင်းတွေသူတို့နဲ့ပေါင်းပြီး
ငါ့အခြေအနေတကယ်မဆိုးဝါးတော့ဘူး
ငါကျောင်းတက်ရတာလည်း တကယ်ပျော်လာတယ်..."

"အင်း......"

"အဲ့တာ ငါ့အခန်းဖော်က ယောကျ်ားလေးတွေကို
စိတ်ဝင်စားတဲ့သူ သူက ငါတို့တွဲသွားတွဲလာ
အပြုအမူတွေကိုကြည့်ပြီး အထူးသဖြင့်ငါ့ကို
စေ့စေ့ လိုက်ကြည့်ပြီး သူဖြစ်နေတဲ့ကိစ္စဆီကိုဦးတည်ပြီး
ငါ့ကို မေးခွန်းတွေမေးလာလို့ ငါစိတ်တိုပြီးစိတ်ရှုပ်နေတာ"

"မင်းစဉ်းစားကြည့်.....ဇန်
အဲ့တာ ငါက ဖြစ်နိုင်မလား မင်းတို့ကောင်တွေနဲ့လည်း
တောင်ကြီးမှာ ငါနေခဲ့တာပဲလေ ငါမပျော်တဲ့ခံစားချက်တွေက
သူတို့နဲ့ပေါင်းပြီးရုန်းနိုင်လို့ပျော်လာတာကတစ်ပိုင်း
အဲ့ကျောင်းသားနဲ့ပတ်သတ်ပြီးတစ်ယောက်ယောက်
တစ်ခုခုပြောရင် ငါအရမ်းကြီးစိတ်ရှုပ်
သွားတာကတစ်ပိုင်းဖြစ်နေတယ်...ငါအထိကိုမခံနိုင်နေတာ
ငါကလေ ဇန် ငါကအဲ့လိုလူမဖြစ်ဘူးမလား"

"မင်းက အဲ့ဒီစီနီယာနဲ့ ဘယ်လိုတွေများနေနေလို့လဲအခရာ"

ထွက်သွားပြီး၂လကျော်အကြာမှတစ်ခါသာခေါ်လာသော
ဖုန်း၏အကြောင်းပြချက်သည်အေးပါတယ်ဆိုတဲ့
တောင်ကြီးမြို့၏ရာသီဥတုသည်ပို၍အေးစိမ့်သွားသလိုပင်။

"အဲ့တာကအရေးကြီးလား ငါလိုချင်တာ ငါသိချင်တာ
ငါမင်းတို့နဲ့လည်းဟိုးသူငယ်တန်းထဲအတူနေလာတာ
ငါက သူ သံသယဝင်ပြီး စကားလုံးတွေနဲ့ခနဲ့လိုက်
တရားခံလိုစစ်လိုက် လုပ်စရာမလိုတဲ့ သာမာန်ပဲမလား
မင်းတို့နဲ့ငါ ၆နှစ်ထဲက ပေါင်းလာတာ ဖြေစမ်းပါ"

"သာမာန်ပါပဲ.....စိတ်မညစ်နဲ့....
သူစိမ်းမြို့ သူစိမ်းနေရာမှာ မင်းသင်းကွဲငှက်ဖြစ်နေချ်ိန်
မင်းအပေါ်နွေးထွေးပေးလို့ မင်းလိုတာထက်ပို
ခင်မင်သွားတဲ့သဘောပါ သူက သူ့စိတ်နဲ့ပဲအမြဲကြည့်မှာလေ
သူ့နေရာမှာ တခြားအခန်းဖော်ဆို မင်းဒီလိုပြဿနာမရှိပါဘူး
မင်းက သာမာန်ပါပဲ အခရာ ငါ့ထက်ဘယ်သူကပိုသိမှာလဲ"

အခရာသည် သက်ပြင်းတစ်ချက်ကိုချလိုက်ကာ
နှုတ်ခမ်းထက်အပြုံးပါးပါးလေးပေါ်လာသည်။
ဆက်တိုက်သူ့အကြောင်းတွေတွေးမိကာ
အထ်ိအတွေ့တွေမှာ နှလုံးခုန်သံတွေဆောက်တည်ရာမရခဲ့တာ
ဤအရာတွေအားလုံးဟာ ဇန်ပြောသလို အခင်မင်လွန်သွား
ခြင်းဖြစ်နိုင်ပါ၏။ ဤအရာပဲသေချာပေါက်ဖြစ်ကိုဖြစ်ရမည်။

"အေး...ငါလိုချင်တာအဲ့တာပဲ...ဒါပဲဖြစ်မှာပါ
အဲ့တာပဲ ငယ်သူငယ်ချင်းနဲ့ တက္ကသိုလ်ကသူငယ်ချင်း
နဲ့ကတော့ အနည်းနဲ့အများကွာတော့ကွာတာပဲ"

"အင်း....."

"ဒါပဲ ဇန် ကျေးဇူးတင်တယ် ငါနေ့စဉ်ရက်ဆက်
ရှုပ်ထွေးနေတဲ့စိတ်တွေ ရှင်းသွားပြီ"

"ဘာလို့ ကိုယ့်စိတ်ကိုကိုယ်တိုင်မဖြေရှင်းနိုင်နေတာလဲအခရာ
မင်းက အဲ့နေရာတွေမှာ တော်လွန်းတဲ့ကောင်မဟုတ်ဘူးလား"

"တစ်ခါတလေတော့လည်း ငါကိုယ်တိုင်ရှာမတွေ့တော့ရင်
အကူအညီတောင်းရတာပေါ့ ဘေးကလူကပိုသိတာမျိုး
တွေရှိတယ်လေ...."

"အော်....."

"ဒါပဲ ဇန် ငါအေးဆေးကျဖုန်းထပ်ခေါ်မယ်"

"အေးပါ ....ငါစောင့်နေမယ် အခရာ..."

"အေး...."

"အခရာ....."

"အင်း...."

"ငါမင်းကိုနေ့တိုင်းသတိရနေတာ..."

"အေး....ဖြစ်တတ်ပါတယ် တအားဝေးသွားတာကို
ဒါပဲ ဒါပဲ ငါစိတ်တိုပြီးအဆောင်ပြင်ထွက်ထိုင်နေတာ
ခြင်တွေဝိုင်းကိုက်နေပြီ စိတ်ကြည်သွားလို့
Coffee လေးတစ်ခွက်လောက်ပြန်သောက်လိုက်ဦးမယ်"

"အေး အေး..."

ညလေညှင်း၏သန့်စင်နေမှုကိုအားရပါးရရှုရှ်ိုက်လိုက်ကာ
လိုချင်နေသောအဖြေကိုရသွားပြီမလို့စိတ်ဒုန်းဒုန်းချကာ
အဆောင်ဘက်ပြန်လှည့်တော့မည့်အချ်ိန်တွင်ဖုန်းဝင်လာ
သည်။ကြည့်လိုက်သည့်အခါ "Ko Phyo Lay"ဆိုသည့်
ဖုန်းနံပါတ်ဖြစ်နေသည်။

"ဟုတ် ကိုဖြိုးလေး ....."

"အခရာ မင်းဘယ်မှာလဲ ကျောင်းထဲမှာလား
ကျောင်းထဲမှာမလား...."

ဖြိုးလေး၏အသံသည်အလွန်အလောတကြီး
ဖြစ်နေကာတစ်ခုခုကိုခက်ခဲနေဟန်ရှ်ိပါ၏။

"ဟုတ်တယ် ဘာဖြစ်လို့လဲ ကိုဖြိုးလေး တခုခုဖြစ်လို့လား"

"ရဲကြီး ရဲကြီး မတရားမူးနေလို့ကွာ
ခုငါတို့ကျောင်းရှေ့ရောက်နေတာ
ပြောရရင် အကုန်မူးနေတာ မင်းနဲ့မြတ်သူကို
အပြင်ခေါ်ထုတ်ဆိုပြီး ရစ်နေလို့ ထွက်လာပြီး
နည်းနည်း ထိန်းပေးပါဦးကွာ မင်းတို့မထွက်လာမချင်း
မပြန်ဘူးလုပ်နေလို့......"

စိတ်ကြည်သွား၍Coffee သောက်မည့်အစီအစဉ်
သည် ဖြစ်လာနိုင်တော့မည်မထင်။ခုတင်
အဲ့ဒီလူနဲ့ပတ်သတ်သောစိတ်ကိုဇန်နှင့်ရှင်းပြီး
ခုချက်ချင်းအဲ့ဒီလူကပေါ်လာပါ၏။ သောက်ကျိုးနည်း
ဖြစ်ရပ်ပါလေ။

ကိုဖြိုးလေး၏အလွန်အခက်တွေ့နေအသံကြောင့်
ကျွန်တော်ထွက်မလာတော့ဘူးလို့မပြောနိုင်ပါ။
ကိုယ့်တုန်းကသူတို့ဘယ်လိုဂရုစိုက်ပေးခဲ့လဲသိနေတာ
မို့ အခရာသည် ကျောင်းရှေ့သို့အပြေးတပိုင်းဖြင့်
ပြေးထွက်သွားတော့သည်။

"ဟေ့ကောင် ဟေ့ကောင် ဟိုမှာ အခရာလာပြီ....."

မပိတ်သေးသောဂိတ်ဝတစ်ခုဆီမှအပြင်ထွက်ကာ
တက္ကသိုလ်မုဒ်ဝဆီပြေးသွားတော့ အဖြူအနီဆွဲထား
သောလမ်းဘေးကွန်ကရစ်တုံးပေါ်ထိုင်နေသူ
သည်မျက်နှာကို ပုဆိုးဖြင့်ပွတ်သပ်နေသည်။

ကိုဖြိုးလေး၏အော်လိုက်သံတွင် လှမ်းကြည့်လာ
သောမျက်လုံးတွေသည်အဆမတန်နီရဲနေပြီး
ဘယ်လောက်များများသောက်ထားလဲကို
ခန့်မှန်းနေစရာမလို။

အလွန်ပုံပျက်ပန်းပျက်ဖြစ်နေကာ မနက်က
ကျောင်းလာတက်သည့်အင်္ကျီပုဆိုးတွေနဲ့ပင်ဖြစ်သည်။
ရှုပ်ပွနေသောဆံပင်တွေ လည်ပင်းတွင်ဆွဲထားသော
အနီရောင်လွယ်အိတ်တစ်လုံး။မှုန်သုန်နီရဲနေသောမျက်နှာ
သည် မြင်မြင်ချင်းကိုစိတ်ငြီးငြူသွားမှုတွေအပြည့်။

ခပ်လှမ်းလှမ်းတွင်ဝေယံနှင့်သီဟတို့ထိုင်နေကာ
သူတို့သည်လည်းအခြေအနေမကောင်းစွာအသိစိတ်တို့
လွတ်နေလျှက်။

"ဆရာကြီး ထွက်လာပြီ ဆရာကြီး...."

ပုဆိုးကိုခပ်တိုတိုစည်းကာအခရာဆီပြုံးပြုံးကြီး
လျှောက်လာသော သင်္ချာကျောင်းသားကြီး၏
အနံ့သည် ကိုယ်ပါရောအန်ချင်လာသည်အထိ။

"ခင်ဗျားတို့ လွန်တာဗျာ....ကျောင်းရှေ့ကြီးမှာ
ကျောင်းပုံရိပ်လည်းရှိသေးတယ်ဗျ ထည့်တွက်ကြပါဦး"

"မပြောဘူးလား ဆရာကြီးပါလို့....ငါမပြောဘူးလား"

အားလုံးဘက်သို့လှည့်ကာအခရာ့ကိုလက်ဟန်ဖြင့်
ထိုးပြလျှက်အငေါ့တူးတော့သည်။

"ရဲကြီး အခရာထွက်လာပြီဆိုတော့ ရပြီမလား
အဆောင်ပြန်မယ်....."

"မပြန်ဘူး....ငါ ဘယ်ကိုမှမပြန်ဘူး"

"ဒီလူ့မျက်လုံးတွေ နီရဲပြီးကျွတ်ထွက်တော့မှာ
ပုံမှန်ပဲလား ကိုဖြိုးလေး...."

"အရက်သောက်လို့မဟုတ်ဘူး ငိုထားတာ
နေ့ခင်းစသောက်ထဲက ငိုနေတာ ခုထိမရပ်သေးတာ..."

အခရာသည် ညစ်ပတ်ပေရေကာမူးရူးနေသော
မျက်နှာကိုအံ့ဩသလိုဖျက်ခနဲမော့ကြည့်လိုက်တော့
ပြုံးစိစိဖြင့်ပြန်ငုံ့ကြည့်လာကာ

"ဒီလောက်ကောင်းတဲ့အရက်ကို မြည်စမ်းရ
နောက်ကျလေခြင်းဆိုတဲ့နှမြောစိတ်နဲ့ သောက်တိုင်းငိုငိုပြီးသောက်တာ ကောင်းမှကောင်း...."

အံ့ဩသည့်မျက်လုံးတွေမှစိတ်ကုန်ခမ်းသွားသည့်
မျက်လုံးတွေဆီစက္ကန့်ပိုင်းအတွင်း။

"ဟိုကောင် ပွကြီးက မူးရင် ရယ်နေတာမရပ်ဘူး
အဆောင်ံတံခါးအပြင်ကသော့ခပ်ပြီးချူပ်ထားရတာ
နားငြီးလွန်းလို့ ဒီကောင်ရဲကြီးက တစ်စက်ဝင်တာနဲ့ငိုတော့တာ"

"တော်သေးတာပေါ့ ကိုဖြိုးလေး မသောက်တတ်လို့"

"မလုပ်ဘူး မလုပ်ဘူး မကောင်းတာဆိုအတတ်နိုင်ဆုံး
ဆင်ခြင်တယ်..."

"ခွေးစကားကပြောပြန်ပြီ သူမူးရင် အဆောင်ဝရံတာက
နေ တစ်လမ်းလုံးကို Sexyအကတွေကပြတော့တာ
တစ်ညလုံး...."

"ဟေ့ကောင်!!!!"

"စော်ကြောက်လို့ လို့ မင်းအမှန်တိုင်းဖြေလေငနာရဲ့"

အခရာသည် မင်းရဲရင့်၏ရီဝေဝေမျက်လုံးတွေကို
စိုက်ကြည့်လိုက်ကာ

"ပြန်တော့...မိုးချူပ်နေပြီ ခင်ဗျား ဒီရှေ့လာရစ်လည်း
ပျော်စရာဘာမှမရှိဘူး..."

"မပြန်ဘူး ငါတို့လျှောက်သွားမလို့ မင်းလိုက်ခဲ့"

"ကျွန်တော် စာကျက်နေတာဗျ...."

"ကျောက်ခေါတ်လူသားလေးပါလား
အမှတ်တရဓာတ်ပုံရိုက်ကြရအောင် ချလပ်...."

"ခင်ဗျား တအားကျွတ်နေတာပဲ ကျောင်းသားဖြစ်ပြီး
ဘယ်လိုဖြစ်လို့ဒီလောက်ရုပ်ပျက်ဆင်းပျက်"

"သီဟ တိုက်တာ သူအသဲကွဲလို့တိုက်တာ
တ်ိုက်လို့သောက်တာ ကိုကြီးရဲကြီးမှာ အပြစ်မရှိဘူး
သီဟ ကိုဆူ...."

ဖြိုးလေးသည် မူးနေသောလူများမကြားနိုင်လောက်
သည့်အသံဖြင့်အခရာ့နားနီးနီးလေးကပ်ကာ

"အဆောင်ပြန်ဖို့ကိုဆိုင်ကယ်မောင်းပို့ပေးလို့
ရလား ငါဒီလူအုပ်နဲ့လုံးဝမဖြစ်နိုင်လို့ပါကွာ
ဒီကောင်တွေဆိုင်ကယ်မောင်းတာ ဘဝကူးတော့မလို
ဖြစ်နေလို့....ဟိုရောက်ရင်ငါဒီကောင်တွေကိုထိန်းရ
ဦးမှာမလို့ မင်းဆိုင်ကယ်တစ်စီးပြန်ရင်ယူသွားလိုက်ပေါ့"

"အဆောင်လောက်ကတော့ရပါတယ် ဟိုလိုလျှောက်
သွားတာကတော့ကျွန်တော်မအားဘူး တကယ်စာကျက်
နေလို့ပါ..."

"အေးပါ သိတယ်...."

"ကဲ ရဲကြီး အခရာက ဘယ်သွားသွားလိုက်ခဲ့မယ်တဲ့
မြတ်သူကတော့ထားလိုက်တော့ကွာ"

"အိုကေ Chemistry ကတစ်ယောက်ပါရင်ရတယ် လူမစုံရင်
မနေတတ်ဘူး ဒီထဲမှာဘော်ဒါစိတ်ကအပြည့်"

ဘယ်ဘက်ရင်အုံကိုလက်ဖြင့် သုံးလေးချက်ထု
ကာသူကပြောလာသည်။

"ကဲဒါဆိုအဆင်ပြေပြီနော် ဆိုင်ကယ်လျှောက်စီးကြတာပေါ့
ငါတို့ကျောင်းရှေ့ရစ်သီရစ်သီလုပ်နေတာ ကြာရင်မကောင်းဘူး"

"ဘယ်ကောင့်ဂရုစိုက်ရမှာလဲ...ကြိုက်တဲ့ကောင်ထွက်ခဲ့!!"

"ပါးစပ်ပိတ်ထားစမ်းပါ ရဲကြီးရာ....."

ထို့နောက်မမူးနေသော အခရာနှင့်ဖြိုးလေးသည် မူးနေသူ
များအားမျှတတင်ကာ အဆောင်ဆီပြန်မောင်းလာခဲ့ကြသည်။

"သောက်အရေးအကြောင်းဆိုမီးကပျက်နေပြီ"

ရောက်သွားသောနေရာသည်
ပျဉ်ထောင်အိမ်အဆောင်လေးဖြစ်ကာအလွန်ရှုပ်ယှက်
ခတ်နေပြီးအခန်းတချို့ဖွဲ့စည်းထားသည်။
အဆောင်သားတွေလည်းမတွေ့ ယောကျ်ားလေးအဆောင်မို့
ဤအချိန်ဟာအားလုံးပြင်ဆင်အပြင်ထွကိသွားလာကြတဲ့
အချိန်မို့ဘယ်သူမှပြန်မရောက်ကြသေးတာဖြစ်နိုင်သည်။

ပစ္စည်းတွေကိုဖြဲခွဲကာဝင်နေရသည့်ကြားထဲမီးကပါ
မလာတဲ့အခါအလွယ်တကူဖုန်းမီးများဖွင့်လျှက်
အမူးလွန်နေသူများအားတွဲကာခက်ခဲစွာဝင်လာရသည်။

ဖြိုးလေးသည် ဆိုင်ကယ်စီးလိုက်သည်နှင့်ပိုမူးကာ
လုံးဝကျွတ်သွားပြီဖြစ်သောပွကြီးနှင့်သီဟအားတွဲထားပြီး
အခရာသည် မင်းရဲရင့်အားတွဲကာအဆောင်ထဲသို့
ဝင်လာသည်။

"ငါ ဒီကောင်တွေကို ဒီဘက်ခန်းထဲထည့်လိုက်မယ်အခရာ
မင်း ရဲကြီးကို ဟိုဘက်ထဲထည့်လိုက် သီဟလာအိပ်ရင်
၃ယောက်အတူအိပ်မရတော့ဘူး ခွဲအိပ်ကြလို့...
ငါ ရဲကြီးနဲ့အိပ်ရမှာ အဲ့တာငါ့အခန်း"

"ဟုတ် ဟုတ် ....."

"ကျစ် အရေးဆို မီးပျက် ရည်းစားကဖုန်းဆက်
ရစ်စမ်း မိဆုရေ ရစ်စမ်းပါဟဲ့....ဝဋ်ကြွေးတွေ!!!"

ဖြိုးလေးသည် အိပ်ပျော်ကြတော့မယ့်
သူငယ်ချင်းနှစ်ယောက်အားအခန်းတွင်းသို့
နေရာချပြီးတဲ့အခါ အသံဆက်တိုက်မြည်နေသော
ဖုန်းယူလျှက် အဆောင်ပြင်သို့ပြေးထွက်သွားတော့သည်။

ရှုပ်ပွပွကျဉ်းမြောင်းမြောင်းအခန်းလေး၏တံခါးကို
ဖွင့်ကာအခန်းထဲလေးလံသောခန္ဓာကိုယ်ကြီးအား
တွဲကာဝင်သွားသော သူ့ဆီကတစ်ခါတရံရတတ်သော
ရေမွှေးနံ့သည်အခန်းထဲသင်းပျံ့နေသည်။

"အပြင်သွားကြမှာဆို.......!!!!"

မသိစိတ်နဲ့မသိစိတ်သည်အပြင်ကိုသွားနေလား
အဆောင်ပြန်လာနေသလား ကွဲပြားစွာတော့သိသေး
တာမလို့ခပ်ကျယ်ကျယ်အော်ပြောလိုက်တဲ့အခါ
မင်းရဲရင့်နှုတ်ခမ်းတွေဆီဆက်ခနဲလာပိတ်သော
လက်ဖဝါးလေးတစ်ခု။

"တိတ်တိတ်နေ ဟိုဘက်လူတွေပြန်နိုးပြီး
ထပ်ရစ်ရင် ကျွန်တော်စိတ်ရှည်မှာမဟုတ်တော့ဘူး"

ချက်ချင်းတိတ်ကျသွားသောအသံနှင့်အတူ
အခန်းကျဉ်းလေးထဲသို့၂ယောက်အတူတူတွဲဝင်လိုက်သည်။အခရာသည်အဆင်ပြေရာနေရာတစ်ခုတွင်မင်းရဲရင့်အားနေရာ
ချလိုက်တဲ့အခါ မင်းရဲရင့်သည်နံရံထောင့်တစ်ခုဆီ
သွားကာမှီထိုင်နေသည်။

"ခေါင်းကိုက်လိုက်တာ...."

သူကလဲပြိုကျသွားတာမဟုတ် ထောင့်ကပ်ကာ
နားထင်တွေကိုအပြင်းအထန်နှိပ်လျှက်
ထိုင်နေတာကြောင့်ပြီးပြီးရောမထားခဲ့နိုင်။
အခရာသည် အခန်းထဲတွင်အလင်းရမည့်တစ်ခုခုကိုရှာနေသည်။

"အရမ်းမှောင်တယ် ဖုန်းမီးဖွင့်ထားလို့တော့
အဆင်ပြေမယ်မထင်ဘူး ခင်ဗျားတို့အဆောင်
ဖယောင်းတိုင်သုံးလို့ရလား  တခြားထွန်းစရာဘာရှိလဲ"

"ဘောင်တန်းပေါ်မှာရှိတယ် ဖယောင်းတိုင်
မီးတန်းတွေက တစ်ခုမှအားမရှိဘူး တစ်ယောက်မှလည်း
အားမသွင်းကြဘူး သောက်ရူးတွေ"

"ရှိတယ်ဆိုရပြီလေ  ခင်ဗျားစကားမပြောစမ်းပါနဲ့"

".........."

"မီးခြစ်ရော...."

"ရော့...."

ဆွဲထားသောလွယ်အိတ်အနီထဲမှ
မွှေနှောက်ရှာကာလှမ်းပစ်ပေးလာသည်။
အခရာသည်မိအောင်ဖမ်းကာ ဖယောင်းတိုင်လေးအား
မီးညှိလိုက်တော့ဝါကျင်ကျင်မီးရောင်လေးသည်
အခန်းတစ်ခုလုံးဟပ်သွားသည်။

မီးရောင်သည်အခရာ့၏မျက်နှာကိုဟပ်လာကာ
ဘေးတိုက်မြင်နေရသော အခရာ့၏မျက်နှာသည်
မီးရောင်ဝါဝါအောက် အခန်းကျဉ်းကျဉ်းလေးထဲ
အလင်းအမှောင်ပန်းချီကားတစ်ချပ်ကဲ့သို့
ရုပ်လုံးကြွလာခဲ့သည်။

ဖယောင်းတိုင်မီးညွှန့်ကြီးလာ၍
လင်းလာလေ ပြတ်သားလာလေဖြစ်သော
ဘေးတိုက်ပုံရိပ်သည် အဆောင်အခန်းကျဉ်းလေးထဲ
တဖြေးဖြေးချင်းပေါ်လာပုံကဆန်းကြယ်ခဲ့ပါ၏။

ရှည်လျားလျားမျက်တောင်တွေ လှုပ်လိလှုပ်လဲ့
ဆံစလေးတွေ ဝိုင်းစက်နေသောမျက်လုံး၏
အလှသည် မီးရောင်အောက်အစိတ်အပိုင်းတစ်ခု
ချင်းကိုထင်ထင်ရှားရှား....။

"ဒီလောက်လေးလင်း...တော်သေး...ခင်ဗျား...."

အဆင်ပြေပြီမို့ ကိုယ့်ကိုကိုယ်ကျေနပ်စွာပြုံးလိုက်ကာ
အခန်းထောင့်ကလူကိုစကားပြောရန်လှမ်းကြည့်
လိုက်ချိန်တွင် အခန်းထောင့်မှသူ့ကိုငေးစိုက်နေသော
နီမြန်းနေသောမျက်လုံးတွေသည်မီးရောင်မှိန်မှိန်အောက်
စူးရှလွန်းနေစွာ။အခရာ့မျက်လုံးတွေသည်ပို၍
ဝိုင်းစက်သွားကာစကားသံတွေတိခနဲရပ်သွားသည်ထိုအချိန်။

မျက်ခုံးတန်းထူထူတွေ ခပ်မြင့်မြင့်နှာတံတစ်ခုနဲ့
မျက်နှာတစ်ခုလုံးတွင်အင်အားအကြီးဆုံးဟု
ပြော၍ရသောစူးရှရှမျက်လုံးတွေ ဗရုတ်ကျရင်သာ
ပေါ့ပါးသည်ဟုထင်ရပေမယ့်တင်းတင်းစေ့ထားပါက
သေချာကြည့်ဖို့မရဲတော့သည့်မထူမပါးနှုတ်ခမ်းတွေ။

ခံစားချက်မဲ့သလို အေးစက်စက်မျက်နှာမျိုးဖြင့်
တည့်တည့်ကြီးထိုင်ကြည့်နေတာကြောင့်
အခရာသည် ချမိလိုက်သောဖုန်းကိုဆက်ခနဲကောက်ယူမိရက်သား။

သူနဲ့အတူရှိလာသောတလျှောက်လုံးတစ်ခါမမြင်ဖူး
ခဲ့သည့်ဤအေးတိအေးစက်မျက်နှာကို
အသက်ရှုမြန်လာခြင်းတွေနဲ့အတူပြိုင်ကြည့်မိတော့
ကြည့်နေရင်း သူ့မျက်လုံးတွေသည်ပို၍နီရဲလာသည်။
ဤလူသည် အရက်မူး၍ခေါင်းစခြေဆုံးအရောင်မထွက်
တော့သည့်တိုင်အောင်ထူးဆန်းစွာမီးရောင်မှိန်မှိန်
အောက်အရောင်တွေထွက်လာနေသလိုပဲ။

ထပ်မံ၍မူမမှန်လာတော့သည့်စိတ်တွေကြောင့်
အခရာသည် ထိုင်နေရာကမြန်မြန်ထလိုက်ကာ

"ဖယောင်းတိုင်ထွန်းခဲ့ပြီးပြီဆိုတော့
ကျွန်တော်ပြန်တော့မယ်....ခင်ဗျားခေါင်းကိုက်ရင်
အိပ်လိုက်တော့....."

မှာကြားလိုက်ပြီးနောက်ချက်ချင်းအခန်းတံခါးဆီသွားကာ
တံခါးဆွဲဖွင့်လိုက်သည့်အချ်ိန်တွင်လက်ကောက်ဝတ်
တစ်ဖက်သည်ပြင်းထန်သောဆွဲအားတစ်ခု
နောက်ပါသွားခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံးသည်
ရုတ်တရက်ဆွဲရာတရားခံ၏ရှေ့သို့ အရုပ်ကြိုးပြတ်
ပြုတ်ကျသွားတော့သည်။

အ!....။

ထိုင်နေရာကရုတ်တရက်လှမ်းဆွဲလိုက်တာမလို့
ခန္ဓာကိုယ်တစ်ခုလုံးသည်ထိုင်နေသူ၏ရင်ဘက်တွေပေါ်
အရှိန်ဖြင့်ပြုတ်ကျလာကာ  ယောင်ယမ်းကာShirtအင်္ကျီစ
တွေကိုဆွဲမိရက်သား။ ဖယောင်းတိုင်မီးတောက်လေး
သည်လေတိုက်သွားတာကြောင့်တစ်ဖက်သို့လွင့်ခနဲ။

အလွန်နီးကပ်သွားသည့်မျက်နှာ
၂ခုသည်မီးရောင်မှိန်မှိန်အောက်တွင်မျက်နှာချင်းဆိုင်စွာ။
အခရာ၏ယောင်ယမ်းစွာဆွဲမိခဲ့သော
အင်္ကျီစတွေနှင့် ခန္ဓာကိုယ်တစ်ခုလုံးသည်
ရင်ဘက်တွေပေါ်ပြိုကျလုမတတ်။

"ဘာ...လုပ်...တာလဲ....."

ဒေါသသံပင်မထွက်နိုင် သူသည်သူမပီသစွာ
စိတ်ထဲအလိုလိုကြောက်လန့်လာ၍
ထွက်လာသောတုန်ရီရီအသံ။

လက်တစ်ဖက်ကိုခပ်တင်းတင်းဆုပ်ကိုင်ထားသော
သွေးကြောစိမ်းတွေသန်းနေသောလက်တွေကို
ကြည့်လျှက်မေးတဲ့အခါ သူကနီမြန်းနေသော
မျက်အိမ်တွေနဲ့ကြည့်လာသည်။မတူညီတော့တာက
မျက်အိမ်ထဲတွင်မျက်ရည်တွေဝေ့သီနေခြင်းဖြစ်သည်။

"မထားခဲ့ပါနဲ့......."

တုန်တုန်ခိုက်ခိုက်ဆိုလာဟန်နှင့်အတူ
ထိုမျက်လုံးထဲကမျက်ရည်တွေကလည်းလှုပ်လိလှုပ်လဲ့။
ခက်ခဲစွာပြောနေရသောအသံသည်အသက်ရှုရ
ခက်လွန်းသွားရသည်။

"ငါ့ကို တစ်ယောက်မထားခဲ့ပါနဲ့အခရာ....."

"................"

"ဖြိုးလေး ငါ့ဆီကို လာမယ့်အထိ စောင့်ပေးပါ...."

လှုပ်လိလှုပ်လဲ့မျက်ရည်တစ်စက်သည် ပေါက်ခနဲကျသွား
ခဲ့သည်။ အရက်မူးရင်ငိုတတ်ခြင်းသည်ဖြစ်တတ်သော
ကိစ္စတစ်ခုလို့သိထားပေမယ့်ဤငိုကြွေးခြင်းက
ဘာကြောင့်သူပါအတူတကွမွန်းကျပ်မောပန်းလာရသလဲ။
သေချာတာကတော့ အရက်မူးပြီးငိုနေတာမဟုတ်ပါ။

ထို့နောက်ဆွဲထားသောအခရာ့လက်တစ်ဖက်ကိုလွှတ်ပေးကာ
အခရာ့ပုခုံးတစ်ဖက်ဆီမျက်နှာတစ်ခုလုံး
တဖြေးဖြေးမှောက်ချလာသည်။

"ခင်ဗျား တစ်ခုခု အဆင်မပြေလို့လား...."

"မင်းက ငါ့ကိုအမြဲတမ်းအေးချမ်းစေတဲ့ ကောင်လေး"

"အခရာ......"

"အင်း......"

"ငါ မင်းပုခုံးပေါ် ခဏလောက်အိပ်လို့ရမလား"

မရဘူးလို့ငြင်းလေအခရာ။ငြင်းလိုက်စမ်းပါ။
လွမ်းအခရာ မင်းငြင်းလိုက်လေ ရူးနေတာလား။
ငြင်းလိုက်စမ်း။ နံရံထောင့်ကပေါ်လာသော
လွမ်းအခရာတစ်ယောက်၏ဒေါသတကြီးပြောဆိုဟန်တွေကို အခရာသည်ခြောက်ခြားမှုများဖြင့်မျက်နှာလွှဲပစ်လိုက်တော့သည်။

"အင်း.....အိပ်လေ....."

အရူးကောင်!!!!!။

တိုးရှရှဖြင့်အခရာ့၏ခေါင်းငြိမ့်လိုက်မှုတွင်
အခန်းထောင့်ကလွမ်းအခရာသည်ဒေါသတကြီး
အော်ဟစ်ကာပျောက်ကွယ်သွားတော့
အခရာသည်အလွန်မောပန်းစွာကျန်ရစ်သည်။

အရာအားလုံးသည်တိတ်ဆိတ်သွားကာ
ငြိမ်သက်သွားကာ ပတ်ဝန်းကျင်တစ်ခုလုံးသည်
မှောင်မဲနေဆဲ။တစ်ဖက်အခန်းရှိအသက်ရှူမှန်သံ
တို့ကိုကြားနေရသည်။

ပုခုံးပေါ်က မှန်ကန်နေသောအသက်ရှုသံ
သည်လည်း ငြိမ်သက်သွားကာမိနစ်တွေများစွာ
ကုန်ဆုံးလာသည်။အခရာသည် လုံးဝငြိမ်ငြိမ်သက်သက်။
ယောင်၍ပင်တစ်ချက်မှမလှုပ်ဘဲအနှောက်အယှက်
တစ်ခုမဖြစ်စေရန်နေပေးနေသည်။

တချက်တချက်ကုန်လာသောမိနစ်တွေနဲ့
နာရီဝက်ဆိုသောအချိန်တွင် ပုခုံးပေါ်လူသည်
လုံးဝမလှုပ်တော့ပါ။အသက်ရှုမှန်မှန်ဖြင့်
အိပ်မောကျသွားပြီဖြစ်သည်။

အသာအယာ ပုခုံးပေါ်မှဖယ်လိုက်ကာ
အိပ်ရာဆီ ညှင်သာစွာချပေးလိုက်တော့
အရက်အရှိန်ဖြင့်မူးကာအိပ်ပျော်သွားသူသည်
လုံးဝနှစ်နှစ်ခြိုက်ခြိုက်ဖြစ်နေခဲ့ပြီ။

သစ္စာကြီးစွာလွယ်တတ်သောကချင်လွယ်အိတ်လေးကို
ချွတ်ပေးကာ စောင်လုံအောင်ခြုံပေးလိုက်သည်။
စောင်နှင့်နွေးထွေးသွားတဲ့အခါဘေးဘက်ကို
ချက်ချင်းကွေးအိပ်သွားသူ၏မျက်နှာသည်
ဘေးတိုက်ပေါ်လာခဲ့သည်။

အခရာသည် ခဏတာ တွေဝေသွားသလို အိပ်နေသူ၏
နားသလည် ဆံစတွေမှတဆင့် တစိမ့်စိမ့်ကြည့်မိလာကာ
လှပလွန်းတဲ့မေးရိုးတွေဆီဆက်တိုက်။စိတ်လွတ်​နေတဲ့လူ
တစ်ယောက်လို အိပ်ပျော်နေသူအားစိုက်ကြည့်ရင်း
ပါးတစ်ဖက်အား ခပ်ဖွဖွလေးထိကိုင်လိုက်မိသည်။

သွားပြီ ဆိုသောအချိန်သည်နောက်ကျခဲ့ပြီ။
ဤယောကျ်ား၏အစိတ်အပိုင်းတစ်ခုချင်းကို
မက်မက်မောမောကြည့်မိခဲ့တာလား။
သူ့လက်ဖဝါးတွေသည် အိပ်ပျော်နေသူ၏ပါးပေါ်မှာ။

ချက်ချင်းလက်ကိုဆက်ခနဲခွါကာ
ကိုယ့်ကိုကိုယ်မယုံကြည်နိုင်သောစိတ်
ဆိုးဝါးလွန်းသောလက်ခံလိုက်ရသည့်စိတ်သည်
အခန်းထောင့်ဆီပြေးကပ်သွားမိသည်။

လက်ဖဝါးတွေကိုဖြန့်ကြည့်ကာခြောက်ခြား
မှုတွေနဲ့အတူ အခန်းတံခါးကိုဖွင့်ကာ
ပြင်းထန်သောအရှိန်ဖြင့်ပြေးထွက်သွားခဲ့တော့သည်။

ဘာမှမမြင် ဘာမှမကြားနိုင်တော့စွာ ကျောင်းဆီ
ခြေလျင်ပဲ ပြန်လာခဲ့ပြီး အခရာသည်အလွန်စိတ်လှုပ်ရှား
နေသည်။ကျောင်းထဲပြန်ဝင်သွားပြီးမှောင်ပိန်းနေသော
လမ်းလမ်ကောင်တစ်ခုတွင် ဆိုးဝါးစွာထိုင်၍ငိုချတော့သည်။

သူဟာတကယ်ပဲ ယောကျ်ားလေးတစ်ယောက်ကို
တိမ်းညွှတ်နေခြင်း တကယ်ပဲရင်ခုန်နိုင်ခြင်းတွင်
ထိုအရာကိုမမုန်းသော်ငြား ၂၀၁၄ခုနှစ်ဆိုတဲ့
ခေါတ်အတိုင်းအတာနဲ့ သူ့ကိုယ်သူလွန်စွာ
ထိန့်လန့်ကြောက်ရွံ့သွားကာ သူဘယ်လိုမျိုး
သူ၏ လိင်စိတ်တိမ်းညွှတ်မှုကို သူပတ်ဝန်းကျင်မှာ
ဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့ကြောက်စိတ်သည်
ဆိုးဆိုးဝါးဝါးခြောက်ခြားစေပါ၏။

ကိုယ့်ကိုကိုယ်ထပ်ခါထပ်ခါကာကွယ်ရင်း
သူအလွန်အကျွံရင်ခုန်နေသည်ဆိုတာကို
လက်ခံလိုက်ရသော မေးရိုးလှလှတွေနဲ့အဲ့ဒီယောကျ်ား။

ကိုယ့်ကိုကိုယ် လက်လျှော့စွာလက်ခံလိုက်ရသော
အချ်ိန်နှင့် သူ့အပေါ်ရူးသွပ်နေမှုရင်ခုန်သံတွေသည်
မေးရိုးအဖျားလေးသွားထိမိသည်အထိသွက်သွက်ခါနေခဲ့ပြီ.....။

ဘဝသည် ပြဿနာပေါင်းများစွာ.......။

____________။

Bạn đang đọc truyện trên: AzTruyen.Top